လာမယ့်ရွေးကောက်ပွဲမှာ အမတ်ဦးရေ ထက်ဝက်ကျော်အနိုင်ရပြီး ပြည်နယ်အစိုးရ ဖွဲ့စည်းရေးကို ဦးတည်ကြိုးပမ်းဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ညီလာခံက ဆုံးဖြတ်ပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမှာ မနေ့က ကျင်းပပြီးစီးခဲ့တဲ့ စတုတ္ထအကြိမ်မြောက် သင်းလုံးကျွတ်ပါတီညီလာခံမှာ ဆုံးဖြတ်ကြပါတယ်။
[caption id="attachment_82067" align="alignright" width="415"]

ဖေဖော်ဝါရီလ ၁၅-၁၆ နေ့တွင် ကျားဖြူပါတီ စတုတ္ထအကြိမ် ညီလာခံ ကျင်းပနေစဉ်[/caption]
သီပေါမြို့နယ် ကျားဖြူပါတီ ဒုဥက္ကဋ္ဌ ဦးရဲထွန်းက “ပြည်နယ်အစိုးရဖွဲ့နိုင်ရင် ကျနော်တို့ ပြည်နယ်သူပြည်နယ်သားတွေရဲ့ လိုအပ်ချက်ကို ပိုပြီး ဖြည့်ဆည်းနိုင်မယ်။ ရှမ်းပြည်နယ်မဟုတ်တဲ့ အခြားတိုင်းနဲ့ပြည်နယ်ထဲမှာရှိနေတဲ့ ရှမ်းတိုင်းရင်းသား အရေးကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု သမ္မတနိုင်ငံ ပိုပြီးပီပြင်အောင် တည်ထောင်နိုင်ဖို့လည်း ဦးတည်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွက် ကျနော်တို့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ၅၀ ရာခိုင်နှုန်းကျော်ရင် ပြည်နယ်အစိုးရဖွဲ့နိုင်မယ်။ ဒါကြောင့် မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ၀င်ပြိုင်မယ်။ ဒီကြားထဲ လိုအပ် ရင် နောက်ထပ်တိုးချဲ့ ယှဉ်ပြိုင်ပါမယ်။”
ဝင်ပြိုင်မယ့် မြို့နယ်တွေဟာ ရှမ်းပြည်နယ်တွင်း ၄၃ မြို့နယ်၊ ကချင်ပြည်နယ်မှာ ၉ မြို့နယ်၊ မန္တလေးတိုင်း ၃ မြို့နယ်၊ စစ်ကိုင်းတိုင်း ၄ မြို့နယ်နဲ့ ကယားပြည်နယ်မှာ ၄ မြို့နယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ ယှဉ်ပြိုင်တဲ့အခါ အခြားရှမ်းပါတီတွေနဲ့ နေရာချင်းမထပ်ဖို့လည်း ညှိနှိုင်း ဆောင်ရွက်မယ်လို့ ဦးရဲထွန်းက ပြောပါတယ်။
မြို့နယ်တိုင်းလိုလိုမှာ မူးယစ်ဆေးဝါးပြသနာ ရင်ဆိုင်နေကြတယ်ဆိုတာကို မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးခဲ့ကြပြီး မူးယစ်ဆေးဝါးအန္တရယ် တားဆီးကာကွယ်ရေးလုပ်ငန်းကို တခြားအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ ဦးရဲထွန်းက ပြောပါတယ်။
မြို့နယ်ပေါင်း ၄၀ ကျော်က ပါတီဝင် ၁၀၀၀ နီးပါး တက်ရောက်ခဲ့တဲ့ ၂ ရက်တာ ပါတီညီလာခံအတွင်း ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့သလို ပါတီအလုပ်အမှုဆောင်တွေ ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ ပါတယ်။