ကျောက်မဲတွင် အစိုးရယာဉ်တန်း ပစ်ခတ်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် ပြည်ထောင်စုလမ်းမပေါ်မှာ အစိုးရယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရပြီး တပ်မတော်သားတဦး သေဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ မန္တလေးဘက်ကနေ တက်လာတဲ့ အစိုးရ စစ်ယာဉ်တန်းဟာ ကျောက်မဲနဲ့ သီပေါမြို့အကြားမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ခြုံခို ပစ်ခတ်တာကို ခံခဲ့ရတယ်လို့ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
ဒီဒေသတ၀ိုက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၃- ၄ ဖွဲ့ လောက်လှုပ်ရှားနေပြီး တိုက်ခိုက်သူတွေကို တပ်မတော်စစ်ကြောင်းက လိုက်လံ နယ်မြေရှင်းလင်းရင်း အပြန် အလှန်ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ လည်းပြောပါတယ်။
ခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေရာမှာ ဖေဖော်ဝါရီ ၁၅ ရက်မှာ လားရှိုးခရိုင် သိန္နီမြို့နယ် ဆလပ် နဲ့ နားတီးရွာကြားမှာ တအာင်းတပ်ဖွဲ့နဲ့ အစိုးရတပ်ကြားတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က ၆ ဦးကျကာ စစ်ကား ၁ စီး နဲ့ ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
တအာင်းတပ်ဘက်က ထိခိုက်သေဆုံးဒဏ်ရာရမှုတွေကိုတော့ ထုတ်ပြန်ပြောဆိုထားခြင်း မရှိပါဘူး။