တရုတ်နိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင် ၆ လ ချခံခဲ့ရပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြန်လွတ်လာတဲ့ နာမည်ကျော် ရုပ်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့သားဖြစ်သူဟာ ပေကျင်းမြို့တော်မှာ သူ့ရဲ့လုပ်ရပ်အတွက် မနေ့က ၀န်ချတောင်းပန်ပါတယ်။
[caption id="attachment_81764" align="aligncenter" width="524"]

ဂျေစီချန်း (ဓာတ်ပုံ - ရိုက်တာ)[/caption]
သူ့လိုလူသိများသူတဦးက အခုလို မကောင်းမှုလုပ်ရပ် လုပ်မိတာကို ၀န်ချတောင်းပန်ခဲ့ပြီး အားပေးတဲ့ပရိသတ်တွေအတွက်လည်း စိတ်ပျက်စရာ ဖြစ်ခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့ရကြောင်း ဂျေစီချမ်း Jaycee Chan က ပြောပါတယ်။
သူနဲ့အတူ တချိန်တည်း အဖမ်းခံခဲ့ရတဲ့ ထိုင်ဝမ်သရုပ်ဆောင် ကိုချမ်တွောင်း (Ko Chen-tung) ကတော့ မူးယစ်ဆေးဝါးသုံးစွဲမှုအတွက် အချုပ် ၁၄ ရက်ပဲကျပြီး ပြန်လွတ်ခဲ့တာပါ။
ဂျေစီချမ်းကတော့ သူ့အိမ်မှာ ဆေးခြောက် ၁၁၇. ဂရမ်တွေ့ရှိမှုနဲ့ရော၊ သူငယ်ချင်းဖြစ်သူကို အိမ်ခေါ်ပြီး မူးယစ်ဆေးဝါး သုံးစွဲခွင့်ပေးမှုနဲ့ရော ထောင်ဒဏ် ၆ လနဲ့ ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၃၀၀ ကျော် ဒဏ်တပ်ခံရတာလည်းဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ဂျက်ကီချန်းဟာ ၂၀၀၉ ခုနှစ်က မူးယစ်ဆေးဝါးသံတမန်အဖြစ် တရုတ်အစိုးရရဲ့ ခန့်အပ်ခံရသူဖြစ်တဲ့အတွက် ဖခင်အတွက်လည်း မျက်နှာပျက်စရာဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က ထင်ရှားကျော်ကြားသူ တရုတ်အနုပညာရှင်အများအပြားဟာ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှုတွေနဲ့ ဖမ်းဆီးခံခဲ့ကြရပါတယ်။
ပေကျင်းမြို့တော် အနုပညာရှင်များအဖွဲ့ကြီး နဲ့ ရုပ်ရှင်ကုမ္ပဏီကြီး ၁၆ ခုတို့ကလည်း မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှုတွေနဲ့ ပတ်သက်သူ အနုပညာရှင်တွေကို မသုံးဘူး၊ မငှားရမ်းဘူးလို့ ပြီးခဲ့တဲ့နှစ်က ကြေညာထားပါတယ်။