ကိုးကန့်ဒေသ လောက်ကိုင်မြို့အတွင်း တပ်မတော်က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ နယ်မြေရှင်းလင်ရေးလုပ်ဆောင်ရင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ကိုးကန့်တပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
လောက်ကိုင်မြို့က အမာခံသတင်းပေးတွေရဲ့ သတင်းပေးချက်အရ တပ်မတော်က မြို့ထဲလိုက်ရှင်းရာမှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းကနေ ည ၇နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သတင်းက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ နှစ်ဖက်တိုက်ပွဲ ထိခိုက်ကျဆုံး ဒဏ်ရာရမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ကတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
လောက်ကိုင်မြို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ ကြံခုတ်တောင်သူ ၈၀၀ ကျော်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ မန္တလးမြို့ကို ရောက်ရှိသွားကြပါတယ်။
သူတို့တတွေဟာ မြေလတ်ဒေသ ရမည်းသင်း၊ ပခုက္ကူ၊ မကွေး၊ တောင်တွင်းကြီး၊ ပျော်ဘွယ် စတဲ့ဒေသတွေကဖြစ်ပြီး နေရပ်ပြန်ဖို့ တိုင်းအစိုးရက ကူညီပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် လောက်ကိုင်ဒေသကို ရှမ်းပြည်နယ်အစိုးရက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားပြီး ရာနဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေက တရုတ်နိုင်ငံဘက်နဲ့ လားရှိုးမြို့ပေါ်ကိုလည်း ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။