အိုင်အက်စ်အဖွဲ့ဝင် ပြင်သစ် ဂျူးကုန်စုံဆိုင်စီးနင်းခဲ့သူ အင်တာဗျူးထွက်ပေါ်

1.8K
ပြင်သစ်နိုင်ငံ ဂျူးကုန်စုံဆိုင်စီးနင်းခဲ့သူ ဘော့မီဒိုင်းနီရဲ့ အင်တာဗျူးကို အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်)အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အင်္ဂလိပ် ပြင်သစ် ဘာသာနဲ့ စာသား အင်တာဗျူးကို အတည်ပြုနိုင်မယ်ဆိုရင်တော့ ပထမဆုံးအကြိမ် အိုင်အက်စ်အဖွဲ့ထဲကို ရောက်ရှိနေတယ်ဆိုတာ အတည်ပြုနိုင်မယ်လို့ အေပီသတင်းက ရေးပါတယ်။
ဖေဖော်ဝါရီ ၁၁၊ ၁၂ ရက်က ထုတ်ပြန်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဘော့မီဒိုင်းနီလို့ မပြောသလို ရုပ်ပုံကို လည်း ဖော်ပြခြင်း မရှိပါဘူး။ ဒါပေမယ့် သူဟာ အာမဒီကော့လီဘာရီရဲ့ ဇနီးဆိုတာ ကိုတော့ ပြောဆိုထားပါတယ်။
ဒီစာသားအင်တာဗျူးကြောင့် အဖွဲ့ထဲမှာ ဘော့မီဒိုင်းနီ ရောက်ရှိနေတာကို အိုင်အက်စ်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
အင်တာဗျူးထဲမှာ အမျိုးသမီးတွေကို စိတ်ရှည်ပြီး ယောက်ျားတွေရဲ့ဘ၀ ပိုမို သက်တောင့်သက်သာ ဖြစ်အောင် လုပ်ဆောင်ပေးဖို့ ပြောဆိုထားပါတယ်။
ဘော့မီဒိုင်းနီက တူရကီကတဆင့် ဆီးရီးယားထဲကို ၀င်ရောက်သွားခဲ့တယ်လို့ ယုံကြည်နေပါတယ်။
အရင် ရက်ပိုင်းကလည်း အိုင်အက်စ်ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ဗွီဒီယိုထဲက အမျိုးသမီးဟာ ဘော့မီဒိုင်းနီ ဟုတ်မဟုတ် ပြင်သစ်တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်။
ဇန်န၀ါရီလက ပြင်သစ်နိုင်ငံ မဂ္ဂဇင်းတိုက်ကို သေနတ် သမား ၂ ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။
ပုံနှိပ်တိုက်ကို စီးနင်းထားစဉ်မှာ ဂျူးဘာသာယုံကြည်သူတွေအတွက် ဖွင့်ထားတဲ့ အစားအသောက် ကုန်စုံဆိုင်ကို အာမဒီကော့လီဘာရီနဲ့ ဇနီး ဟာရပ် ဘော့မီဒိုင်းနီတိုက ၀င်ရောက် စီးနင်းခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ လူ ၅ ဦး သေဆုံးခဲ့သလို အာမဒီကော့လီဘာရီက ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီး ဘော့မီဒိုင်းနီက လွတ်မြောက်သွားခဲ့ပါတယ်။
[gallery ids="81693,81689,81690,81691,81692"]