Home
မြန်မာသတင်း
လောက်ကိုင်တိုက်ပွဲ ကေအိုင်အေ မပါဝင်ဟု ဦးလနန်ပြော
ရွှေအောင်
·
February 14, 2015
လက်ရှိဖြစ်ပွားနေတဲ့ အစိုးရနဲ့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေမှာ ကေအိုင်အေတပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခြင်းမရှိဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့တို့ တွေ့ဆုံရာမှာ ကာကွယ်ရေးဦးစီးချုပ်က လောက်ကိုင်တိုက်ပွဲတွေအတွင်း ကိုးကန့်တပ်ဖွဲ့နဲ့အတူ တပ်ဖွဲ့တချို့ ပါဝင်ပတ်သက်နေပြီး ပါဝင်ပတ်သက်နေတဲ့ တပ်ဖွဲ့တွေ တာဝန်ယူရမယ်လို့ပြောဆိုချက်အပေါ်မှာလည်း ဘယ်အဖွဲ့ဖြစ်တယ်ဆိုတာ တိတိကျကျထုတ်ဖော်ပြောဆိုဖို့ ဦးလနန်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ကေအိုင်အိုအဖွဲ့ပြောခွင့်ရ ဦးလနန်က “ကျနော်တို့ဘက်မှာ အဲ့ဒီလောက်အဝေးကြီးကို ဆင်းပြီးတော့ ပါဝင်ဖို့ မရှိပါဘူး။ ဒါ ကျနော်တို့နဲ့ တော်တော်အလှမ်းဝေးတဲ့ဒေသပါ၊ ကျနော်တို့ဘက်ကတော့ မပါဘူးခင်ဗျ” လို့ ပြောပါတယ်။ ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရသူနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ပြောခွင့်ရသူတွေက ဒီဗွီဘီအပါအ၀င် သတင်းမီဒီယာတချို့ကို လောက်ကိုင်တိုက်ပွဲတွေအတွင်း သူတို့ တပ်ဖွဲ့တွေနဲ့အတူ ကေအိုင်အေ၊ ရခိုင်တပ်မတော်နဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်မတော်တို့ ပူးပေါင်းတိုက်ခိုက်နေတာလို့ ထုတ်ဖော်ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒီအပေါ် ဦးလနန်က “ပူးပေါင်းတိုက်ပွဲဆိုတဲ့နေရာမှာ ကျနော်တို့ တပ်မဟာ ၄ ဒေသမှာ ဖြစ်တဲ့ဖြစ်စဉ်တွေမှာတော့ ကျနော်တို့ ကေအိုင်အေတပ်ဖွဲ့ဝင်တွေလည်း တိုက်ပွဲတွေမှာ ပါတာမျိုးရှိတယ်။ ဒါပေမယ့် တခြားနယ်မြေတွေထဲမှာ ကေအိုင်အေတပ်ဖွဲ့ဝင်တွေ ဆင်းပြီးတော့ ပါဝင်ပူးပေါင်းတိုက်ပွဲဝင်တာတော့ မရှိပါဘူး” လို့ ပြောပါတယ်။ အေကိုင်အေ တပ်မဟာ ၄ ဒေသက သံလွင်မြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ ရှိပြီး ကိုးကန့်နယ်မြေက သံလွင်မြစ်ရဲ့ အရှေဘက်ခြမ်းမှာလို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ ညနေ ၆ နာရီကျော်လောက်က လိုင်ဇာမြို့ အနောက်ဘက်မှာရှိတဲ့ ကေအိုင်အေ ရှေ့တန်းတပ်စခန်းချထားတဲ့ နေရာနားကို တပ်မတော်ဘက်က လက်နက်ကြီးနဲ့ အချက် ၃၀ လောက် ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်အကျအဆုံး မရှိဘူးလို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024