A d v e r t i s e m e n t With Us

ပါကစ္စတန် ဗလီတခုတွင် ၀တ်ပြုချိန် ဗုံးခွဲတိုက်ခိုက်ခံရ၊ ၁၉ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ပါတ်ရှ်ဝါမြို့မှာ  ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရှီယားမွတ်စလင်ဗလီတခု ၀တ်ပြုဆုတောင်းချိန်အတွင်း အကြမ်းဖက်သမား ၃ ဦးရဲ့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ပြီး အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ ပါတ်ရှ်ဝါမြို့ လူကုန်ထံရပ်ကွက်တခုဖြစ်တဲ့ Hayatabad ရပ်ကွက်ဗလီမှာ သေနတ်သမားတွေနဲ့ ရဲတွေ အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။ သေနတ်သမား ၃ ဦးလုံး အသေခံဖောက်ခွဲရေး ၀တ်စုံနဲ့ ဗလီကို တိုက်ခိုက်စီးနင်းခဲ့ကြတာဖြစ်ပေမယ့် တဦးပဲ အသေခံဖောက်ခွဲနိုင်လိုက်တယ်လို့ ဒေသခံရဲမှူးက ပြောဆိုပါတယ်။ ကျန် ၂ ဦးမှာ ၁ ဦးက ပစ်သတ်ခံခဲ့ပြီး ၁ ဦးကတော့ အရှင်ဖမ်းဆီးရမိတယ်လို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။ ကျန် ၂ ဦးထဲက ၁ ဦးက အသေခံဗုံးခွဲဖို့ ကြိုးစားခဲ့ပေမယ့် ၀တ်ပြုသူတွေက သူ့ကို ၀ိုင်းဖမ်းတားဆီးနိုင်ခဲ့လို့လည်း ဆိုပါတယ်။ တိုက်ခိုက်မှုကို ပါကစ္စတန်တာလီဘန်တွေက လုပ်ဆောင်တာလို့ တာဝန်ခံပြောဆိုပြီး သူတို့တပ်ဖွဲ့ဝင်တဦးကို အစိုးရက ကွပ်မျက်ခဲ့တာကြောင့် လက်စားချေတာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်ကလည်း ဆင်းပြည်နယ်မှာ အခုလို ရှီယားမွတ်စလင်ဗလီတခု သောကြာနေ့ ၀တ်ပြုချိန်အတွင်း ဗုံးခွဲတိုက်ခိုက်မှုခံရလို့ လူ ၆၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုလည်း တာဘီဘန်တွေနဲ့ နီးစပ်တဲ့ ဆွန်နီအကြမ်းဖက်တွေကပဲ တိုက်ခိုက်ခဲ့တာလို့ တာဝန်ခံပြောဆိုခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုဟာ အခုနှစ်တွေအတွင်း လူသေဆုံးမှုအများဆုံး ဗလီတိုက်ခိုက်မှုတခုလည်း ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကစပြီး ပါကစ္စတန်လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ရှီးယားမွတ်စလင်တွေကို အစွန်းရောက်ဆွန်နီမွတ်စလင်တွေက အများစု တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ - ရိုက်တာ/အေအက်ဖ်ပီ [gallery ids="81578,81579,81580,81581,81582,81583"]

A d v e r t i s e m e n t With Us

More News
Up