Home
မြန်မာသတင်း
ရွှေနှင့်ပယင်းတူးဖော်သူများ ကေအိုင်အေ ထိန်းချုပ်နယ်မြေမှ ထွက်ရန် အစိုးရညွှန်ကြား
နန်းမြနဒီ
·
February 14, 2015
ကချင်ပြည်နယ် တနိုင်းမြို့ တောင်ဘက် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၁၄ ထိန်းချုပ်နယ်မြေကို အစိုးရတပ်က နယ်မြေ၀င်ရောက်ရှင်းလင်းဖို့ ရှိတဲ့အတွက် အလုပ်လုပ်နေတဲ့သူတွေ ထွက်ခွာသွားဖို့ အစိုးရတပ်က ညွှန်ကြားထားပါတယ်။ ပြည်သူတွေကို အကျိုးမရှိအောင် ကေအိုင်အေက လုပ်နေတယ်လို့ စွပ်စွဲပြီး နယ်မြေ ရှင်းလင်း မယ်လို့ ဖေဖော်ဝါရီလ ၁၂ ရက်က တရားဝင် ညွှန်ကြားခဲ့တာလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုကော်မတီဝင် ဦးဒွဲဗီဇာက ဒီဗွီဘီကို ပြောပါတယ်။ KIA“မနေ့ကနေ့စွဲနဲ့ သူတို့ထုတ်ပြန်ထားတာကတော့ ကေအိုင်အေ တပ်ရင်း ၁၄ အနေနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး အမည်ကို သုံးစွဲပြီးမှ ပြည်သူလူထုကို ၀န်ထုတ်ဝန်ပိုးဖြစ်အောင်လုပ်တယ်၊ မလုပ်သင့်တာတွေလုပ်တယ်၊ အဲဒါကြောင့် နယ်မြေရှင်းလင်းမယ်၊ ရွှေကျင်နေတဲ့လူတွေ၊ ပယင်းတူးတဲ့လူတွေ၊ အလုပ်လုပ်နေတဲ့သူတွေ ထွက်ကြပါ၊ တပ်မတော်ဝင်လာလို့ တိုက်ပွဲတွေ ဘာတွေဖြစ်ရင် ထိခိုက် နစ်နာမှု ဖြစ်ရင် တာဝန်မယူဘူးလို့ တရားဝင်စာထုတ်ထားတယ်လို့ ကျနော်တို့ကို သတင်းပို့ထားပါတယ်”လို့ သူက ပြောပါတယ်။ ဒီဒေသတ၀ိုက် မှော်ထဲမှာ မြန်မာပြည် အနယ်နယ်အရပ်ရပ်ကနေ လာရောက် အလုပ်လုပ်သူ ရာနဲ့ချီရှိတယ်လို့ သူကဆက်ပြောပါတယ်။ ညွှန်ကြားချက်ကြောင့် တိုက်ပွဲတွေ ဖြစ်နိုင်ခြေ ရှိမရှိတော့ မပြောနိုင်သေးကြောင်း၊ ဒါပေမယ့် စစ်တပ်ဘက် ကတော့ လက်နက်ကြီးတွေနဲ့ တောတောင်ထဲ စမ်းပစ်နေတယ် လို့ ကေအိုင်အေက ပြောပါတယ်။ ဒီမတိုင်ခင် ဖေဖော်ဝါရီလ  ၁၁ ရက်ကလည်း တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအနီး ခါယာတောင်ဘက်မှာ တပ်စွဲ ထားတဲ့ အစိုးရတပ်ဟာ အလန်ဘွမ်ကျောင်းဆောင်တွေရှိရာ ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ကျည်စတွေဟာ တောင်ကြောတွေထဲမှာကျတဲ့အတွက် ဘာမှ ထိခိုက်မှုမရှိဘူးလို့ ဦးဒွဲဗီဇာက ပြောပါတယ်။ ဒါ့အပြင် မနေ့တနေ့က  အစိုးရယာဉ် အစီး ၃၀ လောက် ဗန်းမော်ကနေ ဒေါ့ဖုန်းယန်ဒေသဘက် တက်သွားကြောင်း၊ တပ်အလဲအလှယ်လုပ်တယ်လို့ သတင်းပေးပို့သူက ပြောပေမယ့် တက်သွားတဲ့ ကားတွေဘဲရှိပြီး ပြန်လာတဲ့ကားတွေ မတွေ့ရသေးဘူးလို့ ဦးဒွဲဗီဇာက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024