A d v e r t i s e m e n t With Us

တအုန်းအုန်း တဒိုင်းဒိုင်းနဲ့ စစ်ဖြစ်တော့ ကြောက်တာပေါ့ – ဒုက္ခသည်တဦး

လားရှိုးမန်ဆူကျောင်းတိုက်ရောက် ဒုက္ခသည်အချို့
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အစိုးရတပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံတွေအပါအ၀င် အဲဒီမှာ သွားပြီး အလုပ်လုပ်နေတဲ့ သူတွေပါ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။ [caption id="attachment_81452" align="aligncenter" width="800"]လားရှိုးမန်ဆူကျောင်းတိုက်ရောက် ဒုက္ခသည်အချို့ လားရှိုးမန်ဆူကျောင်းတိုက်ရောက် ဒုက္ခသည်အချို့[/caption] အဲဒီထဲမှာ လားရှိုးမြို့ပေါ်ကို ရောက်လာသူအများစုကတော့ နိုင်ငံဝန်ထမ်းနဲ့ ပြည်မက အလုပ်သမားတွေ ဖြစ်ပါတယ်။ လားရှိုးမန်ဆူကျောင်းတိုက်မှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တဦးကို  ဒီဗွီဘီ ဆက်သွယ် မေးမြန်းထားပါတယ်။ ဦးလေးနာမည် ဘယ်လိုခေါ်ပါသလဲ ၊ ဒီကို ရောက်လာရတဲ့ အကြောင်းရင်းကို ပြောပြပါ။ “ကျနော်က ရမည်းသင်း အိုင်နွမ်ကျေးရွာက ကိုတင်လှိုင်ပါ ခင်ဗျ။ ကျနော်တို့ ကြံခုတ်ရင်း အလုပ်လုပ်ရင်းက ပြန်လာတဲ့အဖွဲ့ပါ။ ကျနော်တို့အဖွဲ့က တရွာတည်းသားတွေချည်းပဲကို  ၄၆ ယောက် ရှိတယ်။ ကားတစီးတည်း အတူစီးလာတာပါ။  မနေ့ည ၉ နာရီက ဒီကျောင်းတိုက်ကို ရောက်ပါတယ်။ လောက်ကိုင်မှာ စစ်ဖြစ်လို့ ကြုံရာကားတွေနဲ့ ပြန်လာတာ။ အဲဒီမှာတော့ စစ်ဖြစ်နေတာ ပထမရက်ကထက် ဆိုးဝါးသလို ဖြစ်နေတော့ မနေရဲလို့ ပြန်လာတာ။” တိုက်ပွဲအခြေအနေက ဘယ်လောက်ထိ ဆိုးဝါးနေပါသလဲ။ “မြန်မာစစ်တပ်ကို ကိုးကန့်လက်နက်ကိုင်တွေက နေ့လယ်မှာ မတိုက်ဘဲ ညညကျမှ ၀င်တိုက် နေတယ်။ ကျနော်တို့ နေတဲ့နေရာနဲ့ သိပ်တော့မဝေးဘူးပေါ့။ ညပိုင်းမှာ အသံတွေကြားတယ်။ အရင်ကတော့ ဒီလို ထွက်ပြေးရတာမျိုး မကြားဖူးဘူး။ တအုန်းအုန်း တဒိုင်းဒိုင်းနဲ့ စစ်ဖြစ်တော့ ကြောက်တာပေါ့။” တိုက်ပွဲတွေကြောင့်  အရပ်သားတွေ ထိခိုက်ဒဏ်ရာရသူတွေ ရှိပါသလား။ “အရပ်သားတွေ သေဆုံးမှုတော့ ကျနော်တို့ ကြံခုတ်တဲ့နေရာနားက လူစုလူဝေးမှာတော့ ကြားခဲ့ရတာပေါ့။ မျက်မြင်တော့ မဟုတ်ဘူး။ ကြံခုတ်တဲ့နေရာနားကို ဗုံးတလုံးကျလို့ ပျက်စီး တယ်လို့တော့ ကြားတယ်။” ဒီကိုရှောင်လာတဲ့အခါလမ်းမှာ ဘယ်လို အခက်အခဲတွေကြုံတွေ့ခဲ့ရပါသလဲ။ “ကျနော်တို့တော့ သိပ်မခက်ပါဘူး။ လောက်ကိုင်မှာ အစိုးရကလည်း အလုပ်သမားတွေ ကိုယ်ဌာနေ ကိုယ်ပြန်ဖို့ ပြောပြီး ကယ်ဆယ်ရေးကလည်း ကားတွေနဲ့ တင်ခေါ်ပေးပါတယ်။ တချို့ကတော့ လမ်းလျှောက်ပြီး လာကြတယ်။ ကားတွေက ပြည့်ညှပ်ကုန်တယ်၊ ကယ်ဆယ်ရေးကားနဲ့ မတွေ့သေးတဲ့အချိန်ဆိုတော့ ကားသမားတွေ တယောက်ကို လားရှိုးအရောက် ၁ သိန်းတောင်းပါတယ်။ ပေးစရာမရှိတော့ ကလေးတွေရော အကုန်လုံး ခြေလျင် လာရပါတယ်။ ခြေလျင်လာတော့ ဟိုပန်ကို ရောက်အောင် တညလုံးနဲ့ တနေကုန်ပေါ့ လျှောက်ရပါတယ်။ မသွားနိုင်တဲ့ ကလေးတွေလည်း ပါတော့ စောင့်ခေါ်ရတာပေါ့။ လမ်းမှာ ကျနော်တို့နဲ့ တွေ့တဲ့ လမ်းလျှောက်လာတဲ့အဖွဲ့က လူပေါင်း ၃၅ ယောက်လို့ ပြောပါတယ်။” အခုထွက်ပြေးလာတဲ့ လူတွေက ဘယ်နယ် ဘယ်အရပ်ဒေသတွေကနေ လာကြတာပါလဲ။ “ကျနော်တို့က မန္တလေးတိုင်း ရမည်းသင်းကပေါ့၊ တပ်ကုန်းကလည်း ပါတယ်။ ရခိုင်ဘက်ကလည်း ပါတယ်။ ရန်ကုန်အောက် မြိတ်၊ ထားဝယ်ဘက်ကလည်း ပါတယ်။ နယ်စုံပါတယ်။” ဘာကြောင့် အဲဒီ ကိုးကန့်ဒေသဘက်မှာ သွားပြီး အလုပ်လုပ်ကြတာလဲ။ “ကျနော်တို့ဆီမှာက အလုပ်လုပ်ရင် တနေ့မှ ကျပ် ၂၀၀၀ လောက်ပဲ ရတာ။ ပွင့်လင်းရာသီမှာ အလုပ်လုပ်မယ်ဆိုရင်လည်း အလုပ်က မရှိဘူး။ လောက်ကိုင်ဘက်မှာဆိုရင် နေ့စားခက ၁ ယောက်ကို ၈၀၀၀၊ ၉၀၀၀ အနည်းဆုံး ရတယ်ဆိုတော့ မိသားစု စားဝတ်နေရေး ပြေလည်ဖို့ သွားလုပ်ရတာပေါ့။ အလုပ်ရှင်ကတော့ တရုတ်တွေပါပဲ။” အခုလို အများကြီးထွက်ပြေးလာတော့ ဟိုက ဒေသခံတွေရော ဘယ်လိုနေကြလဲ။ “ဒေသခံတွေက ဆိုင်တွေအားလုံး ပိတ်ထားကြတာပေါ့။  အများဆုံးပြန်တာက ကိုးကန့် တရုတ်တွေ ဟိုဘက်ကို ပြန်ကြတာ များတယ်။ ဒီပြင်လူတွေတော့ ဘယ်ဘက် ပြေးတယ်ဆိုတာ မသိဘူး။” ဒီဘုန်းကြီးကျောင်းမှာ နေရထိုင်ရတာရော ဘယ်လိုအခြေအနေရှိလဲ။ “ဘုန်းကြီးကျောင်းမှာတော့ စားဝတ်နေရေးတော့ အဆင်ပြေပါတယ်။ ရောက်တာနဲ့ ထမင်းထုပ်တွေနဲ့ မုန့် လာပို့တယ်။” အခု ဘယ်လိုဆက်လုပ်မှာလဲ။ အခြေအနေ တည်ငြိမ်ရင် ကိုးကန့်ကို ပြန်မှာလား။ “ကျနော်ကတော့ အိမ်ပြန်တော့မယ်။  လောက်ကိုင်ကို ပြန်မသွားတော့ပါဘူး။ အိမ်မှာဘဲ ရှိသလို လုပ်စားတော့မယ်။ ကယ်ဆယ်ရေးက ကျနော်တို့ အခြေအနေ မစောင့်တော့ဘူး။ အခု အိမ်ပြန်ဖို့ လမ်းစရိတ် ရှိတဲ့သူလည်း ရှိ၊ မရှိတဲ့သူလည်း မရှိကြဘူးဗျ။  ကယ်ဆယ်ရေးက မန္တလေးကို ပို့ပေးမယ် ပြောတယ်။ အခု ကားစောင့်နေကြတာ၊  ပို့ပေးရင်တော့ ဟိုဘက်ကို အဆင်ပြေမလားလို့ပဲ။”

A d v e r t i s e m e n t With Us

More News
Up