Home
ဆောင်းပါး
“အောင်ဆန်းဝိညာဉ်” ကိန်းဝပ်ရှင်သန်ဖို့
မောင်သာမည
·
February 13, 2015
အမျိုးသားခေါင်းဆောင်ကြီးဦးအောင်ဆန်းကို “ ခေါင်းဆောင်ဖြစ်ဖို့  မွေးဖွားလာသူ” ဟု ဆိုလျှင် မည်သူမျှ ငြင်းကြမည်မဟုတ်ပါ။ ကျောင်းသားဘ၀မှာလည်း သမဂ္ဂခေါင်းဆောင်၊ တက်ကြွ လှုပ်ရှားသူ ဘ၀မှာလည်း သခင်ခေါင်းဆောင်၊ စစ်သားဘ၀မှာလည်း တပ်မတော်ခေါင်းဆောင်၊ နိုင်ငံရေးသမား ဘ၀မှာလည်း ပါတီခေါင်းဆောင်၊ အစိုးရအဖွဲ့ ဝင်အဖြစ်မှာလည်း အစိုးရ ခေါင်းဆောင်။ သူကား ရောက်လေရာနယ်ပယ်တွင် ခေါင်းဆောင်အဖြစ် တာဝန်ယူ နေခဲ့သည် ချည်း ဖြစ်သည်။ ထိုကြောင့် ကျောင်းသားလူငယ်တို့  အနေနှင့်လည်း ငါတို့ ခေါင်းဆောင် ကိုအောင်ဆန်းဟု ပြော နိုင်သကဲ့သို့  တက်ကြွလှုပ်ရှားသူတို့ အနေနှင့်လည်း ငါတို့ ခေါင်းဆောင် သခင်အောင်ဆန်းဟု ပြောနိုင်ပါလိမ့်မည်။ ပြည်သူ့ တပ်မတော်သားတို့ အနေနှင့်လည်း ငါတို့  တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟု ပြောနိုင်သကဲ့သို့  ပါတီနိုင်ငံရေးသမားတို့ အနေနှင့်လည်း ငါတို့ ဥက္ကဌ ဦးအောင်ဆန်းဟု ပြောနိုင်ပါလိမ့်မည်။ “ အောင်ဆန်းဝိညာဉ်” သည် နေရာတကာတွင် ရှင်သန် နေခဲ့သည်ဟု ဆိုနိုင်သည်။ သို့ သော် ယနေ့ မျက်မှောက် နိုင်ငံရေးအခင်းအကျင်းသည် အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း အသက်ရှင်စဉ်က နိုင်ငံရေးအခင်းအကျင်းနှင့် လုံးဝ မတူတော့ချေ။ လွတ်လပ် ရေး တိုက်ပွဲခေတ်ကမူ ကျောင်းသားပဲဖြစ်ဖြစ်၊ တပ်မတော်သားပဲဖြစ်ဖြစ်၊ တက်ကြွလှုပ်ရှားသူပဲ ဖြစ်ဖြစ်၊ ပါတီနိုင်ငံရေးသမားပဲဖြစ်ဖြစ် “ တစ်စိတ်ဝမ်း တစ်လက်ညီ” ဖြစ်ခဲ့ပါ လိမ့်မည်။ ယခုတော့ မဟုတ်တော့။ အကွဲအပြဲပြဇာတ် ကိုလိုနီခေတ်မှသည် လွတ်လပ်ရေးခေတ်သို့ အကူးအပြောင်းသည် နိုင်ငံရေးဝေါဟာရအားဖြင့် “အာဏာလေဟာနယ်” ဖြစ်ခဲ့သည့် ကာလ။ အာဏာလေဟာနယ်အတွင်းသို့  အာဏာ တပ်မက် သူတို့ က လေရူးလေရိုင်းသဖွယ် အတင်းဝင်ရောက်နေရာလုယူခဲ့သည့်ကာလ။ ယင်းစပ်ကူး မတ်ကူး ကာလတွင် အမျိုးသားခေါင်းဆောင်ကြီးဦးအောင်ဆန်း အလုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ ယင်းကာလမှ စ၍ပင် အကွဲအပြဲဇာတ်လမ်းသည် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် နေရာယူလာခဲ့ ခြင်းဖြစ်သည်။ ပါလီမန်အစိုးရ၊ တစ်ပါတီဆိုရှယ်လစ်အစိုးရ၊ စစ်အစိုးရ စသည်ဖြင့် အစိုးရအဆက် ဆက် ယင်းဇာတ်လမ်းကိုပင် ကပြနေခဲ့သည်မှာ ယနေ့  အရပ်သားတစ်ပိုင်းအစိုးရလက်ထက်တိုင် ဇာတ်မသိမ်းသေး။ အကွဲအပြဲဇာတ်လမ်း အစပျိုးနေသည်ကို မြင်သော အမျိုးသားခေါင်းဆောင်ကြီးဦးအောင်ဆန်းက         အမျိုးသားညီညွတ်ရေးနှင့် ပတ်သက်ပြီး ဤသို့  ပြောကြားဖူးသည်။ “ အမျိုးသားညီညွတ်ရေးဆိုတာ ဘယ်ကဲ့သို့ သော ညီညွတ်ရေးကို ခေါ်ပါသနည်းဟု မေးရပေ လိမ့်မည်။ အမျိုးသားညီညွတ်ရေးဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်းကို မဆိုလို။ လူမျိုးဘာသာ ယောက်ျားမိန်းမ ဂိုဏ်းဂဏမရွေး တနိုင်ငံလုံး ပြည်သူပြည်သား လူထုတခုလုံး အပြောသာမဟုတ် မလုပ်နှင့် တကွ အမျိုးသားတို့ ၏ အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့  ၏ လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည်” ၁၉၄၆ ဇန်န၀ါရီ ၂၀ ရက်တွင် ပြောခဲ့သော မိန့် ခွန်းထဲက စကားဖြစ်သည်။ သို့ သော် ယင်းစကား သည် မိန့် ခွန်း အဖြစ်ဖြင့် စာအုပ်ထဲတွင် ထည့်သွင်းခံရသည်မှ လွဲ၍ နှစ်ပေါင်း ၇၀ ရှိသည့်တိုင် အရေးတယူလုပ်ခြင်း မခံရသေး။ အောင်ဆန်းဝိညာဉ်သည် ခေတ်အဆက်ဆက်က အစိုးရအဖွဲ့ များ ထံတွင် မတည်ရှိခဲ့သည်ကား ထင်ရှားသည်။ သို့ ဆိုလျှင် အောင်ဆန်းဝိညာဉ် ဘယ်မှာ ရှိနေ သေးသနည်း။ ကျောင်းသားလှုပ်ရှားမှုထဲမှာ ရှိနေသေးသည်လား။ အလုပ်သမားလယ်သမားလှုပ်ရှားမှုထဲတွင် ရှိနေသေးရဲ့ လား။ တပ်မတော်ထဲတွင်ကော ရှိမှ ရှိပါသေးရဲ့ လား။ လွှတ်တော်ထဲမှာကော ရှိနေ သေးရဲ့ လား။ လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းကို အမျိုးသားခေါင်းဆောင်ကြီးဦးအောင်ဆန်း မိန့် မှာပြောကြားခဲ့သည့် စကားများနှင့် ဆက်စပ် ထင်ဟပ်ကြည့်ပြီး “အောင်ဆန်း ၀ိညာဉ်” ကို ရှာပုံတော် ဖွင့်ကြည့်သင့်ပါသည်။ ကျောင်းသားလူငယ်များ၏ ကိုအောင်ဆန်း ပြီးခဲ့သည့် ၂ပတ်တာ ကာလအတွင်း ကျောင်းသားလူငယ်များ၏ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်လမ်းလျှောက်ပွဲသည် မြန်မာ့နိုင်ငံရေးလောကကို သိမ့်သိမ့်တုံစေခဲ့သည်။တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဆောက်အဦ ဖြိုဖျက်ခံရသည်မှ အစပြုခဲ့သော ဗဟိုချုပ်ကိုင် ပညာရေး စနစ်ကို ကျောင်းသားများက ဆက်လက် သည်းမခံနိုင်တော့ပြီ။ ပုံစံခွက်သွင်းပညာရေးကပေးသော အောင်လက်မှတ်ကိုယူကာ အာဏာရှင်၏ ကျွန်သဘောက်အဖြစ် အသက်မမွေးလိုကြတော့ပြီ။   သို့ ဖြင့် ပညာရေးလွတ်လပ်မှုအတွက် စာသင်ခန်းများကို ကျောခိုင်းက လမ်းမများပေါ် တက်ခဲ့ကြ သည်။ ယင်းလုပ်ရပ်အပေါ် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းက ဘာများ ပြောမည်နည်း။ “ ယခု ဗမာပြည်တွင် အလယ်တန်းပညာရေးကို မသင်မနေရစနစ်တခုကို လုပ်မည်ဆိုပါက အထူး သင့်လျော်ကြောင်း၊ သို့ သော်လည်း ဆိုင်ရာအစိုးရက လူတိုင်း စာတတ်ကြမည်ကို စိုးရိမ် နေကြ သည့်အတွက် ကျောင်းအဆောက်အဦ မရှိဘူး၊ ဆရာမရှိဘူး၊ ငွေကုန်တယ်၊ အချိန်ကုန်တယ် စသည်ဖြင့် အမျိုးမျိုး ဆင်ခြေပေးနေကြောင်း၊ ----------------------- ဖြစ်အောင် လုပ်မည်ဆိုလျှင် အစိုးရကိုယ်တိုင်လည်း လုပ်နိုင်ကြောင်း၊ အစိုးရက လုပ်မပေးလျှင် ကျုပ်တို့ ဟာ ကျုပ်တို့ လုပ်နိုင် ကြောင်း၊ ------------ နောက်ဆုံး အစိုးရကိုချည်း အားမကိုးဘဲ ကျောင်းဆရာ ဆိုလျှင် ဗမာပြည် က ကျောင်းဆရာတွေအားလုံး တစုတရုံးတည်းနှင့် ဗမာပြည်၏ လွတ်လပ်ရေး ပညာရေးစနစ်ကို တီထွင်ကြရမည် ဖြစ်ကြောင်း၊ ကျုပ်တို့ ကြိုက်တဲ့ ပညာရေးစနစ်မှန်ကို ရဖို့ ရာ တော့ တိုင်းပြည် လုံးဝ လွတ်လပ်မှပင် ဖြစ်မည် ဖြစ်၍ ဆရာများလည်း ထိုအချိန်မှ လခ ပိုရမည်မှာ သေချာကြောင်း၊ ယခုအချိန်တွင် အတတ်နိုင်ဆုံး ကျောင်းဆရာနှင့် ကျောင်းသား အင်အားကြီး စုပြီး မိမိတို့ ရည်မှန်း သောပညာရေးစနစ်ကို လုပ်ကြရမည် ဖြစ်ကြောင်း၊ ၀န်ကြီးများနှင့် တွေ့ ပြီး စကားနှင့် ပြောလိုက် သည့် ကတိများကို ဘယ်အခါမှ မယုံကြည်ကြစေလိုကြောင်း၊ ပညာရေးသည် နိုင်ငံရေးဖြစ်သဖြင့် နိုင်ငံရေးလွတ်လပ်မှ နိုင်ငံရေးလွတ်လပ်မည် ဖြစ်သောကြောင့် နိုင်ငံရေး လွတ်လပ်အောင် ကြံ ဆောင်ကြရန် တိုက်တွန်းလိုက်ပါကြောင်း” ( ၁၉၄၆ ဧပြီ ၂၉ တွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ ညီလာခံတွင် ပြောခဲ့ သော မိန့် ခွန်းမှ ) အလုပ်သမား လယ်သမားများ၏ သခင်အောင်ဆန်း ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် ဆူညံဆူညံအဖြစ်ဆုံးမှာ အလုပ်သမားလုပ်ခပြဿနာနှင့် လယ်ယာမြေ ပြဿနာ ဖြစ် သည်။ ထို ပြဿနာများ၏ အကောင်အထည်အဖြစ် အလုပ်သမား လယ်သမား ဆန္ဒပြပွဲများ မြန်မာနိုင်ငံ အနှံ့  ဖြစ်ပွားနေခဲ့သည်။ ယင်းဆန္ဒပြ အလုပ်သမား လယ်သမားတို့ ကို ဖြိုခွင်းမှုများသည် သတင်းစာဂျာနယ်များ၏ မျက်နှာဖုံးသတင်းများ ဖြစ်နေခဲ့ သည်မှာ ကြာပြီ။ ယင်းကဲ့ သို့ ဆန္ဒပြနေကြသော အလုပ်သမားလယ်သမားတို့ ကို မြင်လျှင် အမျိုးသားခေါင်းဆောင်ကြီးဦးအောင်ဆန်းသည် ဘာပြောလိမ့်မည်နည်း။ “လယ်ယာမြေပိုင်ဆိုင်မှု ကိစ္စမှာ ဆိုရင်လည်း လယ်ယာမြေလုပ်တဲ့လူတွေ လယ်ယာမြေရအောင် အခြေခံတွေ ချရလိမ့်မယ်။ လယ်မြေဧက အမြောက်အများပိုင်တဲ့ လယ်ရှင်ကြီးစနစ်ကိုတော့ ဥပဒေ အရ ကန့် သတ်ချုပ်ချယ် ပယ်ဖျက်ပစ်ရလိမ့်မယ်။ နောက်ပြီး ဘယ်လို ကိုယ်ပိုင် လယ်ယာ မြေမျိုး ဖြစ်ဖြစ် ဘယ်နှဧကထက် မပိုစေရ အစရှိသည်အားဖြင့် ဥပဒေအရ ကန့် သတ်ရလိမ့်မယ်။ ဒီလိုမှ မလုပ်ရင် လယ်ပိုင်ရှင်စနစ်ကြီးဟာ ရှိနေတာကို မဖျက်နိုင်ရုံတင် မဟုတ်ဘူး။ ပြန်ဖြစ်အောင် လုပ်တာ ဖြစ်လိမ့်မယ်။ လယ်ယာမြေများကို အမှန်အားဖြင့်ဆိုရင် နောက်ဆုံးတိုင်းပြည်ပိုင် (အစိုးရ နဲ့  သမ၀ါယမပိုင်) လုပ်နိုင်ရင် ကောင်းမှာပဲ။ သို့ သော်လည်း အဲဒီဟာ မလုပ်မီ လယ်ယာမြေ လုပ်သူတိုင်း မြေလက်ရှိရအောင် လုပ်နိုင်ရမယ်။ ဒီအခါမျိုးမှာ အစိုးရက အလယ်လတ်တန်းနဲ့  အောက်တန်းကျတဲ့ တောင်သူလယ်သမားတွေကို တတ်နိုင်သမျှ ကူညီရလိမ့်မယ်။ ” (၁၉၄၇ မေလ ၁၉ ရက်နေ့ တွင် ပြုလုပ်သော ဖဆပလပဏာမ ပြင်ဆင်မှုညီလာခံ မိန့် ခွန်းမှ) “ ယခုအခါ၌ အလုပ်သမား မငြိမ်မသက်မှုများ ရှိလျက် သပိတ်မှောက်နေကြကြောင်း၊ ထိုသို့  သပိတ်မှောက်ခြင်းမှာ အရင်းရှင်ဝါဒ၌ မလွှဲမရှောင်သာပဲ ဖြစ်ပွားရမည်ပင် ဖြစ်ကြောင်း၊ အလုပ် သမား၏ တောင်းဆိုချက်အများပင် တရားမျှတကြောင်း၊ မြန်မာပြည်ရှိ အလုပ်သမား အခြေ အနေ မှာ အခြားတိုးတက်သည့် တိုင်းပြည်ရှိ အလုပ်သမားအခြေအနေနှင့် နှိုင်းစာလျှင် များစွာ ကျေနပ် ဖွယ် မရှိကြောင်း၊ အလုပ်သမားများမှာ အခြေစိုက်ရန်မရှိ၊ ပင်စင်မရှိ၊ လုံခြုံရေး မရှိကြောင်း၊ အလုပ်သမားများ နိုးကြားလာပြီဖြစ်၍ ၎င်းတို့ လိုလားချက်ကိုတောင်းရာ ပထမအကြိမ် ဖြစ်၍ မှားတာပိုတာတွေ ရှိမည်ဖြစ်ကြောင်း၊ အလုပ်သမားအရေးကို ပြစ်တင်ရှုံ့ ချဖို့ မသင့်ကြောင်း၊ ကူးသန်းရေးဆိုင်ရာ အလုပ်ရှင်များက လက်ရှိအလုပ်သမားသပိတ်ကို ဖြေရှင်းရာ၌ သဘောတူပြီး အချက်များကို စိတ်ရောကိုယ်ပါ လိုက်လျောသင့်ကြောင်း၊” ၁၉၄၇ မတ်လ ၁၀ရက်တွင် မြန်မာပြည် အင်္ဂလိပ်ကုန်သည်ကြီးများ နှစ်ပတ်လည် အစည်းအဝေး တွင်ပြောကြားသော မိန့် ခွန်းမှ) တပ်မတော်သားများ၏ ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟူသော စကားကို ပြောခဲ့သူမှာ မြန်မာ့ တပ်မတော်ကို စတင်တည်ထောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါသည်။ အင်အားရှိသော တပ်မတော်သည် မြန်မာ့နိုင်ငံ၏ အရေးတွင် မည်သူ့ အခန်းကဏ္ဍက ပါဝင်ရမည်နည်း ဆိုသည်ကို ပြတ်ပြတ်သားသား ပြောကြားသွားသည်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။ “ ကျွန်ုပ်တို့  တပ်မတော်သားအားလုံးသည်လည်းကောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်     စွန့် စွန့် စားစား ဆောင်ရွက်ခဲ့သူအပေါင်းတို့ သည်၎င်း၊ ဤမျှ အပင်ပန်းခံ အဆင်းရဲ အနစ်နာခံ အသေအကြေခံကာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ လက်တဆုပ်မျှ ရှိသော လူတစု၏ ကောင်းစား မှု ကိုသာ၎င်း၊ ကျွန်ုပ်တို့ ၏ ကိုယ်ရေးကိုယ်တာ တိုးတက်မှုကိုသာ၎င်း ရည်ရွယ်မှန်းဆလျက် ဆောင်ရွက်လုပ်ကိုင်ခဲ့ကြသည်မဟုတ် ဘဲ မြန်မာနိုင်ငံလူထုအပေါင်း လွတ်လပ်ရေးအတွက် ရည်စူး လျက် လုပ်ကိုင်ခဲ့ကြသည့် အကြောင်းကို ခေါင်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံသူ နိုင်ငံသား အပေါင်း တို့ အား အထူးလေးနက်စွာ ဖော်ပြလိုက်ပေကြောင်း” ( ၁၉၄၅ သြဂုတ်လ ၁၀ ဗမာ့တပ်မတော်တိုင်းမှူးများ အစည်းအဝေးမှ ထုတ်ပြန်ချက်မှ) “ ပြီးတော့ ဂျပန်ပြည်မှာလို စစ်တပ်က နိုင်ငံအုပ်ချုပ်ရေးမှာ ခြယ်လှယ်တာမျိုး၊ ဂျာမနီမှာ ဟစ်တလာတို့  တက်လာတာမျိုး၊ စီးပွားရေးနိုင်ငံရေးအရ နှိမ်နင်းတဲ့ နေရာမှာ လွတ်လပ်တဲ့ ဗမာပြည်တွင် တိုင်းပြည်ကာကွယ်ရေးဟာ အစိုးရရဲ့ တာဝန်၊ တတိုင်းပြည်လုံးရဲ့ တာဝန် ဖြစ်လာ တဲ့အတိုင်း ကာကွယ်ရေး လုပ်ငန်းမှန်သမျှ အစိုးရသာလျှင် လုပ်နိုင်ရမယ်။ တသီးတခြား ကိုယ်ပိုင် အဖွဲ့ တွေက လုပ်ဖို့ လည်း မလိုဘူး။ အခွင့်လည်း ပြုနိုင်မှာ မဟုတ်ဘူး။ --------ဒီလို အဖွဲ့ တွေဟာ လွတ်လပ်တဲ့ ဗမာနိုင်ငံမှာ မရှိနိုင်တော့ဘူး။ သို့ မဟုတ်ရင် လွတ်လပ်တဲ့ ဗမာပြည်မှာ ဒီလိုအဖွဲ့ မျိုး ဟာ စစ်သဘောနိုင်ငံရေးပါတီမျိုး ဖြစ်တတ်ပြီး ဖြစ်လာတဲ့အခါ ဖက်ဆစ်ဝါဒတွေ မွေးမြူလာတတ် တယ်။ ဒါကို ကောင်းကောင်း သတိပြုရမယ်။ ” (၁၉၄၇ မေလ ၁၉ ရက်နေ့ တွင် ပြုလုပ်သော ဖဆပလပဏာမ ပြင်ဆင်မှုညီလာခံ မိန့် ခွန်းမှ) နိုင်ငံရေးခေါင်းဆောင်များ၏ ဦးအောင်ဆန်း ယနေ့ ခေတ်တွင် လွှတ်တော်နိုင်ငံရေး၊ ပါတီနိုင်ငံရေး စသည်ဖြင့် ပေါ်ထွန်းလာရာ လွှတ်တော် ကိုယ်စားလှယ်များ ၊ပါတီခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အထိုက်အလျောက် အရေး ကြီးလာသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟူသော စကားကို တွင်တွင်ပြောနေကြသည်။ ဖွဲ့  စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အငြင်းအခုန်ဖြစ်နေကြသည်။ ထိုသူတို့ အတွက် အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းက ဘာပြောခဲ့သနည်း။ “အာဏာရှင်ဝါဒ ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်မှာလို စစ်ကသာလွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဘက်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင်ရှင်ဘုရင်စနစ်၊ ဒီဝါဒမျိုးအငယ်စား ဖြစ်တဲ့ ပဒေသရာဇ်   မြို့ စားရွာစားဝါဒ၊ အထက်ကသာ ခန့် ထားပြီး တိုင်းသူပြည်သားဆန္ဒအရ မဟုတ်ဘဲ တိုင်းသူ ပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်နေတဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်ဆိုးတမျိုး ရှိနေရင် အများပြည်သူတို့ ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီဝါဒမျိုးပေါ်လာရင် တိုင်းသူပြည်သားများဟာ လွတ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စား အောင် လုပ်ရမယ်။ ------------ ဂျပန်မှာလို စစ်တပ်က လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှ အစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုး မရှိရအောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့် ရှိရမယ်။ ” ( စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင်ပြောသော မိန့် ခွန်းမှ) နှစ်တစ်ရာပြည့်မှ ပေးသောတာဝန် အထက်ပါ မိန့် ခွန်းများကို ကြည့်လျှင် အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း၏ ၀ိညာဉ်သည် မည်သည့်နေရာတွင် ရှင်သန်နေပြီး မည်သည့်နေရာမှာတော့ ပျောက်ဆုံးသွားပြီဖြစ်ကြောင်း မှန်းဆ နိုင်ပါမည်။ အောင်ဆန်း ၀ိညာဉ်ရှင်သန်သောနေရာတွင် မျှော်လင့်ချက်တွေ ၀င်းပနေပြီး၊ အောင်ဆန်း ၀ိညာဉ်ပျောက်ဆုံးသော နေရာတွင် ကသောင်းကနင်း ဖြစ်နေသည်မှာကား ထင်ရှား သည်။ ယနေ့ ကား အမျိုးသားခေါင်းဆောင်ကြီးဦးအောင်ဆန်း နှစ်တစ်ရာပြည့်သည့် နေ့ ဖြစ်ပေသည်။ မြန်မာတပြည်လုံးတွင်လည်းကောင်း၊ နိုင်ငံရပ်ခြားရှိ မြန်မာအသိုင်းအ၀ိုင်းများတွင်လည်းကောင်း ဦးအောင်ဆန်းနှစ်တစ်ရာပြည့်ကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေလေပြီ။ ဦးအောင်ဆန်း၏ ၀ိညာဉ်ကို အသစ်တဖန်ပြန်လည်နိုးထအောင် အားသစ်နေကြပြီ။ မြန်မာနိုင်ငံကို ချစ်သောသူတို့  အနေနှင့် အထက်တွင်ဖော်ပြခဲ့သော ကိုအောင်ဆန်း၊ သခင် အောင်ဆန်း၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးအောင်ဆန်း၏ အမှာစကားမိန့် ခွန်းများကို ပြန်လည် ရွတ်ဖတ်ကာ မိမိတို့  တဦးချင်းတွင်လည်းကောင်း၊ မိမိတို့ ပါဝင်ရာ အဖွဲ့ အစည်းများတွင် လည်း ကောင်း “ အောင်ဆန်းဝိညာဉ်” ကိန်းဝပ်ရှင်သန်အောင် လုပ်ကြရမည် ဖြစ်ပါသည်။ဤကား နှစ်တစ်ရာပြည့်မှ ပေးသော တာဝန်ဟု ခံယူအပ်ပေသတည်း။ ( အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း နှစ်တစ်ရာပြည့် အမှတ်တရ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024