ကိုးကန့်တိုက်ပွဲတွင် တပ်မတော်သား ၅၀ ခန့် ကျဆုံး

ပြီးခဲ့တဲ့ရက်က ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲများတွင်း တပ်မတော်ဘက်က အရာရှိ ၅ ဦး အပါအ၀င် တပ်မတော်သား ၄၇ ဦးကျဆုံးပြီး ၆၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက သတင်းထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ် လောက်ကိုင်နဲ့ မော်ထိုက်မြို့တွေအနီးမှာ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက်အထိ ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့ရာမှာ အစိုးရဘက်က စစ်သည်တွေ ကျဆုံးဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားရာမှာအစိုးရဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်းပစ်ကူ ၅ ကြိမ် ဆောင်ရွက်ပေးခဲ့ပြီး ကိုးကန့်တပ်တွေက ဗုံးပစ်လောင်ချာတွေ၊ လက်ပစ်ဗုံးတွေ၊လေယာဉ်ပစ် စက်သေနတ်ကြီးတွေ အသုံးပြုခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ဒါ့ပြင် ကိုးကန့်တပ်တွေက ရန်လုံကျိုင်းရဲစခန်းကို ၀င်ရောက်တိုက်ခိုက်စဉ်မှာ ဒုရဲအုပ် ၁ ဦးနဲ့ ကိုးကန့်ရဲ ၆ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ တိုက်ပွဲတွေမှာ ကိုးကန့် တပ်သား ၃ ဦး ကျဆုံး၊ ၅ ဦးဒဏ်ရာရပြီး အစိုးရဘက်က ကျဆုံးဒဏ်ရာရသူ စုစုပေါင်း ၇၀ လောက်ရှိတယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။
တိုက်ပွဲတွေကြောင့် လောက်ကိုင်ဒေသကို ရှမ်းပြည်နယ်အစိုးရက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားပြီး ရာနဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေက တရုတ်နိုင်ငံဘက်နဲ့ လားရှိုးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ဓာတ်ပုံ - MOI
[gallery ids="81319,81320,81321"]