ထိုင်ဝမ် ထောင်အာဏာပိုင် ၃ ဦးကို ဖမ်းဆီးခဲ့သူများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

ထိုင်ဝမ်ကျွန်း ကောင်းရှုံမြို့မှာ အကျဉ်းထောင်အာဏာပိုင် ၃ ဦးကို လက်နက်ကိုင် အကျဉ်းသား ၆ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ အကျဉ်းသား ၆ ဦးလုံး ဒီနေ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြတယ်လို့ ထိုင်ဝမ်တရားရေးအာဏာပိုင်တွေက ပြောပါတယ်။ ထောင်ညွှန်ကြားရေးမှူးနဲ့ အစောင့် ၂ ဦးကို  ဓားစာခံတွေအဖြစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ၁၄ နာရီကြာ ဖမ်းဆီးထားခဲ့ကြပြီး ဒီနေ့မနက်ပိုင်း လက်နက်ကိုင်အကျဉ်းသား ၆ ဦးလုံး အဆုံးစီရင်ခဲ့ကြတာပါ။ အကျဉ်းသား ၆ ဦးလုံး လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ထောင်ဒဏ် ၂၅ နှစ်ကနေ ၄၆ နှစ်အထိ ကျခံနေရသူတွေဖြစ်ပြီး သူတို့အပေါ် ထောင်အာဏာပိုင်တွေရဲ့ ဆက်ဆံမှုကို မကျေနပ်တာကြောင့် အခုလို ဖမ်းဆီးခဲ့ကြတာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာ အကျဉ်းသား ၂ ဦးက နေမကောင်းချင်ယောင်ဆောင်ပြီး ထောင်စောင့် ၂ ဦးကို ဓားစာခံအဖြစ် အရင်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ဓားစာခံထောင်အစောင့်တွေကို လက်နက်တိုက်ခေါ်ဆောင်သွားခိုင်းပြီး လက်နက်တွေနဲ့ ကျည်ဆန် ၂၀၀ ရယူခဲ့ကြတာပါ။ နောက်ဆုံး ဓားစာခံတွေကို အထိအခိုက်မရှိ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဘာကြောင့် အကျဉ်းသားတွေက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြလဲဆိုတာ အတိအကျမသိသေးဘူးလို့ ကောင်းရှုံမြို့နယ် ရဲညွှန်ချုပ် Wu Jia-Qing က ပြောပါတယ်။ လက်နက်ကိုင်အကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေ နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဆန္ဒရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထောင်တခုလုံး ၀ိုင်းထားခံရမှန်းသိပြီး လွတ်လမ်းမရှိတော့တာကို သိရှိသွားပုံရတယ်လို့လည်း ရဲညွှန်ချုပ်က ပြောပါတယ်။ အကျဉ်းထောင်အပြင်ကနေ ထိုင်ဝမ်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀၀ လောက် ၀ိုင်းခဲ့ကြတယ်လို့လည်း ဒေသခံသတင်းတွေက ဆိုပါတယ်။ ဓာတ်ပုံ - အေအက်ဖ်ပီ [gallery ids="81202,81203,81204"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up