အိုင်အက်စ်ချေမှုန်းရေး စစ်အင်အား သုံးခွင့်ပေးရန် အိုဘားမား တောင်းဆို

1.8K
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက အစ္စလာမ်မ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတွေကို နှိမ်နင်းရေးအတွက် စစ်ရေးအင်အားကို တရားဝင်သုံးခွင့်ပြုဖို့ အောက်လွှတ်တော်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
သူ့ရဲ့ ကာလကြာရှည် စောင်နေတဲ့ တရားဝင်အဆိုပြုချက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အရှေ့ အလယ်ပိုင်းမှာ နောက်ထပ် စစ်ပွဲဖြစ်မှာ စိုးရိမ်တဲ့အတွက် သမ္မတရဲ့ အဆိုပြုချက်ကို သူ့ပါတီ ဒီမိုကရက်နဲ့ ပြိုင်ဘက် ရီပတ်ဘလီကန်ပါတီက တွန့်ဆုတ်ခဲ့နေကြပါတယ်။
သမ္မတ အိုဘားမားကတော့ “လက်ရှိ စစ်ရေးလှုပ်ရှားမှုက အချိန်ယူပြီး ခက်ခဲမယ်ဆိုတာ အသိအမှတ် ပြုပါတယ်။ ဒီစီမံကိန်းဟာ အီရတ်နဲ့ အာဖဂန်လို ကာလကြာရှည် အကြီးစား မြေပြင် တိုက်ခိုက်မှု စစ်ဆင်ရေးအတွက် ခွင့်တောင်းတာ မဟုတ်ဘူးလို့ ထောက်ပြပါတယ်။ ဒေသခံ တပ်တွေက သူတို့နိုင်ငံအကြောင်း သူတို့အသိဆုံးပဲမို့ မြေပြင်တိုက်ပွဲတွေအတွက် သူတို့က အသင့်တော်ဆုံးပဲ” လို့ ပြောပါတယ်။
အိုင်အက်စ်အဖွဲ့က ပြန်ပေးဆွဲထားတဲ့ အမေရိကန်ဓားစာခံ အကူအညီပေးရေးလုပ်သား ကေလာ မျူယယ်လာ သေဆုံးကြောင်း အမေရိကန်အစိုးရက အတည်ပြုအပြီး နောက်နေ့မှာ သမ္မတ အိုဘားမားက ခုလို တောင်းဆိုခဲ့တာပါ။
အာရပ်ကမ္ဘာအလယ်က ဘာသာရေးစစ်ဝါဒီဌာနချုပ်ကို တည်ထောင်ဖို့ ကြိုးစားနေတဲ့ အိုင်အက်စ်စစ်သွေးကြွတွေဟာ ဆီးရီးယားနဲ့ အီရတ်မှာ နယ်မြေသိမ်းပိုက်ချိန် အရပ်သား ထောင်နဲ့ချီ သတ်ခဲ့ပြီးပါပြီ။ အဆိုပြုချက် မူကြမ်းဟာ ဓားစာခံ ကယ်ဆယ်ရေးနဲ့ အထူးတပ် သုံးခွင့်ပြုရေး အပါအဝင် မြေပြင်တိုက်ခိုက်မှု စစ်ဆင်ရေးတွေအတွက် ခွင့်ပြုမှာပါ။
ဒါ့အပြင် ဒေသခံတပ်တွေကို အကူအညီတွေနဲ့ စီမံကိန်းတွေ ပေးပြီး ဒရုံးမ်လေယာဉ်တွေနဲ့ တိုက်ခိုက်မှု စစ်ဆင်ရေးတွေ လုပ်ဖို့နဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းမှုတွေအတွက် အမေရိကန်တပ်တွေ သုံးခွင့်ကို ခွင့်ပြုမှာ ဖြစ်ပါတယ်။
သမ္မတ အိုဘားမားက ဒီစစ်ဆင်ရေးရဲ့တာဝန်ခံမှုကို လွှတ်တော်တွင်း ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်အမတ်တွေကိုပါ မျှဝေ ထမ်းဆောင်စေချင်တာပါ။ လွှတ်တော်နဲ့ တိုင်ပင်မှုတွေ ဆက်လုပ်မယ်လို့ အိုဘားမားက ပြောပါတယ်။
ဒါဟာ အိုဘားမားရဲ့ သမ္မတသက်တမ်း ၆ နှစ်အတွင်း စစ်အင်အားသုံးခွင့်ပြုဖို့ ပထမဆုံး တရားဝင် ခွင့်တောင်းမှု ဖြစ်ပါတယ်။
တကယ်လို့ ခွင့်ပြုခဲ့ရင်တော့ အရင်သမ္မတ ဂျော့ဒဗလျူ ဘုရှ် လက်ထက် အီရတ်စစ်ပွဲအတွက် ခွင့်ပြုအပြီး အောက်လွှတ်တော်က ပထမဆုံး စစ်အင်အား သုံးခွင့်ပြုမှု ဖြစ်လာမှာပါ။
ဓာတ်ပုံ - ရိုက်တာ
[gallery ids="81166,81167,81168,81169,81170"]