အောင်ဆန်း (သို့) အရိုင်း

သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ် ကင်းမဲ့စွာ နားထောင်လျှက်ရှိ၏။ လူထုကြီးသည် စူးစိုက်ခြင်းမရှိ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထု အစိတ်အပိုင်း တခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြော၍နေ၏။ သို့သော် ပျက်ရယ်ခြင်းကား မရှိ။ လေးစားခြင်းသည် အားလုံး၌ တညီ တညွတ်တည်း တည်ရှိ၏။ အစိမ်းပုတ်ရောင် ကတ္တီပါ ကားကြီးသည် သူ့ကို နောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင်မှ ခြယ်လှယ်ထားခြင်းမရှိ။ ပကတိ ပိန်းပြောင်ပြောင် ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပါယ်ကိုမျှ ထူးထူးထွေထွေ မဖေါ်ပြ၊ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာ ဆောင်၍ နေသည်။ သူသည် သည်စိမ်းညို့မှိုင်းသော ကားကြီး၏အရှေ့ စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြောနေသည်။ သူသည် ဗမာ့ပထဝီ မြေကြီးမှ ဗမာ့ ဝါဂွမ်းစစ်ဖြင့် ယက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ဝတ်ထား၏။ လုံချီမှာ နီရဲသော ရွှေတောင် ပိုးလုံချီဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်၊ မျက်နှာ အသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံ အနွယ် လူရိုင်း မျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်ချင်းတယောက်၏ မျက်နှာနှင့်လည်း တူ၏။ တက္ကသိုလ် ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သော ထယ်ဝါခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း တို့သည် သူ့တွင် လုံးဝ မခိုအောင်း၊ လမ်းပေါ်တွင် နေရာတကာ တေံ့မြင်နိုင်သော သာမန် ဆင်းရဲသား တဦးနှင့်သာ တူ၏။ ဗမာလူထုကြီးထဲမှ သူတဦး၏ အသွင်အပြင် မျိုးသာ ဖြစ်၏။ သူသည် လက်နှစ်ဘက်ကို ဘေးသို့ကား၍ လှုပ်ကာလှုပ်ကာ စကားကိုပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်းမရှိ၊ သို့သော် အတွင်း၌ကား အနက်ပါ၏၊ သင်ပဌမဆုံး တွေ့မြင်သော အောင်ဆန်း၏ ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေးပြမည် ဖြစ်၏။
ထိုအခါကား ၁၉၃၆ - ခု ပဌမဦးဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဗလီဟော ခန်းမတွင် ဆင်ယင်နေသော အခါဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်း ကျောင်းတွင် ပညာ သင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသားကိုယ်စားလည် အဖြစ် ကျောင်းသားများ ညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်း စကားပြောသည်ကို တွေ့မြင်ရခြင်း ဖြစ်ပေသည်။ ၁၉၃၆ - ခု သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးများ အူနေသည့်အခိုက် အောင်ဆန်း အမည်ကို သတင်းစာများတွင် ဘတ်ရသောအခါ၊ သူ့ကို သိချင်သောစိတ် အင်မတန် ထက်သန်ခဲ့သည်။ ထိုအခါက အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏ ကြွေးကြော်သံ ဖြစ်သော အိုးဝေ မဂ္ဂဇင်း အယ်ဒီတာဖြစ်၏။ ကျွန်တော်မှာ စာပေ ဝါသနာပါသူ ဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဘူးချင်၏။ သို့သော် ဂျူဘလီဟော ကျောင်းသားများ ညီလာခံတွင် သူ၏ ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင် ကြားနာရသောအခါ အထင်နှင့် အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော်ထင်ထားသည်မှာ ကောလိပ် ကျောင်းသား ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်း ဟုဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော် အထင်ကြီးထားသည်။
တွေ့ရသောအခါ ရုပ်ကလည်းမဖြောင့် စကားပြောကလည်း မပြေပြစ်၊ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်၊ ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ် ဖြင့်သာ အောင်ဆဆန်းကို ရုပ်ဖြောင့်စေချင် စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။ နောက်တနှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၃၇ - ၃၈ - ခုနှစ်က ကိုအောင်ဆန်းသည် တက္ကသိုလ် သမဂ္ဂတွင် ဒုတိယ ဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ သမဂ္ဂတွင် ဥက္ကဌ၊ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိ ဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည် မရင်းနှီးခဲ့ပေ။ သူနှင့်ကား ရင်းနှီး၍ မဖြစ်။ သူသည် ရင်းနှီး၍ ရသော လူစားမျိုးမဟုတ်၊ နိုင်ငံရေး အတူတူ တွဲဘက် လုပ်လျှင်သာ သူနှင့် ရင်းနှီးမည် ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂ နိုင်ငံရေးကိုသာ တဘက်သတ် မလိုက်၊ စာပေလည်း ဘတ်ချင်၏၊ စာလည်း ရေး၏၊ ဂီတကိုလည်း လိုက်စားဘူး၏။ သည်လို အစုံ လုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက် ဖြစ်သည်။ ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို ယခု သခင် ဗဟိန်းက အသိဖွဲ့ ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမား သက်သက် မဟုတ်သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသော အဖြစ်သို့ မရောက်သွားခဲ့ပေ။ သခင် ဗဟိန်းနှင့်ကား ထိုသို့မဟုတ် သခင်ဗဟိန်းသည် ယဉ်ကျေး သိမ်မွေ့သူ ဖြစ်၏။ စာပေ ကဗျာ လင်္ကာကို နှစ်သက်၏။ ဂီတကို ချစ်၏။ ထို့ကြောင့် ကျွနိတော်နှင့် ခဏနှင့်ပင် ရင်းနှီး ချစ်ခင်ကာ သူ ယခု ကွန်မြူနစ် ဖြစ်နေသည့် ဘဝ အထိပင် ရင်းနှီး ချစ်ခင်ခြင်း မပျက်၊ ကျွန်တော်ကား ခုခံရေးကိုလည်း မပြု။ နိုင်ငံရေးသမားလည်း မဟုတ် သို့သော် ချစ်ခင် ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား ဤကဲ့သို့ မဟုတ်၊ ကျွန်တော် စာရေးဝါသနာပါသည်ကို ကိုအောင်ဆန်းသိ၏။ သို့ရာတွင် ကျွန်တော် ရေးခဲ့သော ဒဂုန် မဂ္ဂဇင်း မှ ရတုပိုက်စုံမှစသော ကဗျာများ ဝတ္ထုတို ဆောင်းပါး စသည့် စာပေများကို သူ ဘတ်ဘူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဘတ်မည့်သူ မျိုးလည်း မဟုတ်။ သို့သော် တခါက သခင် ဗဟိန်းနှင့်အတူ သမဂ္ဂ ကော်မတီ ခန်းတွင် ပင်းယ မဂ္ဂဇင်းတွင် ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါး တခုကိုကား ကျွန်တော်ရှေ့တွင် ဘတ်သည်ကို တွေ့ရဘူး၏။ ဘတ်ပြီးလျှင် ဝေဘန်ချက် ပေး၏။
ကိုအောင်ဆန်း သည်လည်း အင်္ဂလိပ်၊ ဗမာ ဆောင်းပါးရှင် တဦး ဖြစ်ပေသည်။ အင်္ဂလိပ် ဘာသာဖြင့် ရေးသော သူ၏ ဆောင်းပါးများကို ဂန္တလောက မဂ္ဂဇင်းတွင် ဘတ်ရဘူး၏။ သူသည် ဗုဒ္ဓတရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အဝတ်စား ဝတ်ဆင်ရေး ပြဿနာကိုလည်း သူသည် ပန်းတနော် ဦးသန့်နှင့် အပြန် အလှန် ရေးသည်ကို အမှတ်ရ၏။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ သမဂ္ဂ အသင်း၏ ကြွေးကြော်သံဖြစ်သော မျိုးညွန့် မဂ္ဂဇင်းတွင်ပါသော သူ၏ လောက ဝိဟာ အမည်ရှိ ဗမာ ဆောင်းပါးတိုကလေး ကိုကား - ကျွန်တော် အတော် သဘောကျပါ၏။ ကမ္ဘာလောကကြီးကို ပညာ ဗဟု သုတ အမြင်တို့ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးထား၏။ ကိုအောင်ဆန်းသည် ဗမာစာ အရေးညံ့သူ မဟုတ်ချေ။ တိတိ ကျကျ ရေး၏။ ပါဠိကို မှန်ကန်စွာသုံး၏။ တခါတရံ ဟာသဥာဏ်ပါ၏။ ပုသိန်မြို့တွင် ကျင်းပသော ကျောင်းသားများ ညီလာခံ သူ၏ ဥက္ကဌ မိန့်ခွန်းတွင် ကင်းဘဲလ် အစီရင်ခံစာကို ပညာရေး ပူရာမ် ကျမ်းကြီး ပေတကား … ဟု ပြောင်လှောင်ထားသည့် သရော်ချက် (Irony) ပါ၏။ ကျောင်းမှ ထွက်ပြီး တို့ဗမာ အစည်းအရုံးသို့ ဝင်သွားသော အခါ၊ ငတ်ပြတ်လာ၍လား မပြောတတ် ဒဂုန်မဂ္ဂဇင်းတွင် ဆောင်းပါး ရေးလိုကြောင်း ကျွန်တော့်ကိုပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများ ပါစေ၏။ ဒဂုန် မဂ္ဂဇင်းက ကိုအောင်ဆန်း ရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။
သူရေးသော ဆောင်းပါးကား နိုင်ငံရေး အမျိုးမျိုး ဟူသော ဆောင်းပါးဖြစ်၏။ ဂရိတ်နိုင်ငံရေးက အစချီ၍ မျက်မှောက် ဗမာ့ နိုင်ငံရေး အချေ အနေ အထိ ရေး၏။ စာပြောင်၏။ ဘတ်လို့ကောင်း၏။ သူလည်း ဒဂုံတွင် ကြာကြာ မရေးရ။ မကြာခင် ဂျပန်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍ သွား၏။ အစိုးရကလည်း ညှိုးထား၍လား မပြောတတ် ဒဂုန် မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်း ခံရရှာ၏။ သမဂ္ဂ ဥက္ကဌ ဖြစ်သော ၁၉၃၈-၃၉ နှစ်က သူသည် ဘီအယ်လ် တန်းတွင် ရှိ၍ ပဲခူး အဆောင် အလည်ထပ်တွင် နေသည်။ အခန်းသည် သပ်ရပ်ခြင်း ကင်းမဲ့၏။ သူ၏ အခန်းတွင် စာအုပ်များ ပြည့်နှက်၍ နေ၏။ စာအုပ်များသည် စားပွဲပေါ်တချို့၊ ဘီတိုပေါ်တချို့၊ ကြမ်းပြင်ပေါ် တချို့ ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ် ဖြစ်၍ နေကြ၏။ သူသည် အင်မတန် စာဘတ်သူ တယောက် ဖြစ်၏။ သူသည် ဒေါသကြီးသူ တဦးဖြစ်၏။ သည်လို အများကထင်၏။ ကျွန်တော်အဘို့က ဒေါသကြီးသည် မကြီးသည်ကိုမသိ။ သူ့တွင်စိတ်လိုက်မာန်အပါစိတ်( Emotionalism) တွေရှိသည်ဟု ကျွန်တော်ထင်၏။ နှစ်ကိုကားအသေချာမမှတ်မိတော့ သပိတ်မှောက်နှစ်လည်အထိမ်းအမှတ် ပွဲတခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိတ်သာတ်ထဲမှ ထ၍ဝေဖန်စကားများ ထ ပြေားကြ၏။ သို့ပြောကြသဘ်အထဲတွင်၊ စစ်ကိုင်းကျောင်းဆောင်မှ ကုလား ကျောင်းသားတဦးက ဥက္ကဌဟောင်း မစ္စတာရာရှစ်ကို ဝေဘန်ရာ၌ အတော်ထိခိုက်သေားအပြစ်တွေကို ထုတ်ဖေါ်ပြော၏။ ကုလားကျောင်းသားပြောသည့် စကား များသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့။ ကိုအောင်ဆန်းသည် မစ္စရာရှစ် အတွက်ဒေါပွကာ၊ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင် ထွက် စသေား အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍သွား၏။ ဘေးက ကျောင်းသားများက ဝိုင်း၍ ဆွဲထားရ၏။ သူသည် ဒေါသကြောင့် ဆတ်ဆတ် တုံလျက် ရှိသည်။ ကုလား ဗမာ အဓိဂရုဏ်းအပြီး ဒေါက်တာဘမော်၏ တက္ကသိုလ် ဥပဒေပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ် လိုက်ပေသည့် ကိစ္စနှင့် ပတ်သက်၍ (အိုးဝေ ) ညိုမြ (အမေရိကန်ပြန်) အမှုးရှိသော ကျောင်းသားတစုက မကျေနပ်သဖြင့်၊ သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းက ညိုမြကို ဒေါပွကာ ဥက္ကဌ ကုလားထိုင်မှ နေ၍ ညိုမြအတင်းကို အတော်ပြောလိုက်၏။ သည်လို စိတ်လိုက်မန်ပါ ပြောပြီးနောက် တပတ်လောက် ကြာသောအခါ ထိုနေ့က အောင်ဆန်းက ညိုမြအား ရှုံချပါသော စကားများကို ရုပ်သိမ်း လိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ဆောင် အသီးသီးတွင်၊ ထွက်ပေါ်၍လာ၏။ တက္ကသိုလ်တွင် ရှိစဉ်က၊ ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထား ကိုထားခဲ၏၊ သူ၏မျက်နှာထားသည်၊ သုန်မှုန်၏။ တခါတွေ့ ဘူးသောသူကို နောက်တခါတွေလျှင် နှုတ်ဆက်ချင်မှ ဆက်၏။ သူ့ကိုသိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှ ပြုံး၏။ ဥက္ကဌ ဖြစ်သဖြင့် သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူ့ကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။
ဗမာပြည်၏ လွတ်လပ်ရေး အတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက်နေသည်။ သူစကားပြောလျင်လည်း နိုင်ငံရေး အောကာင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရ၏။ ဘေးမှလူများ၏ စကားကို သူမကြား သူပြောချင်တာတွေကိုသာ စွတ်ပြောနေတတ်၏။ တခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စ အချိန် ဝိတိုရိရ ရိတ်သာရှိ အိမ်တအိမ်တွင် သခင်မြနှင့် ရဲဘော်များ နေထိုင်လျက် ရှိကြ၏။ ကျွန်တော်မှာလည်း တောက ရောက်ခါစ ဖြစ်၏။ ဧည့်ခန်းရှိ စန္ဒယားမှာ အသံတွေ ပျက်၍နေ၏။ “ချစ်ခင်မှာလား ကြင်မှာလား ခင်ခင်ရယ် ချစ်သဲနွယ် အဟုတ်ကို ချစ်တော့မယ် ခင်ရယ် ကြင်မယ်…” ဝိုင်၍ဆိုနေရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက် ဂေါက် ဂေါက် နှင့် တဘက်မှ ရှောက်လာကာ စန္ဒယား အပါးတွင် လက်ထောက်ခါ ရပ်လျက် “ဟေ့ ရပ်ကြ၊ ခုလို အခါမျိုးမှာ ရဲစိတ်ရဲမာန် တက်စေမဲ့ ရဲတင်းသံတို့ကိုသာ ဆိနုရတယ်ဗျ။ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးက မဟန်ဘူး၊” ရုတ်တရက် ကြောင်၍ စန္ဒယားကို ခေတ္တ ရပ်လိုက်၏။ သူသည် သူပြောချင်တာ ပြောပြီး ထွက်သွား လေသည်။ ကျွန်တော်တို့လည်း ဆက် သီဆိုခါ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လို လူစားမျိုး။ သမဂ္ဂ ဥက္ကဌ ကိုလှမောင် (ယခု ဆိုရှယ်လစ် ပါတီဝင်) ၏ လက်ထပ်ပွဲသည် ဘီအိုင်အေ ခေတ်၌ ရွှေတောင်ကြား တွင် လုပ်သည်။ သူ၏ လက်ထပ်ပွဲသည် ဘီအိုင်အေ သမားများတွင် ပဌမ ဦးဆုံး ဖြစ်၏။ လက်ထပ်ပွဲပြီးသောအခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးနေကြ၏။ ကြေးစား စန္ဒယားဆရာ တီးခါ ဖျော်ဖြေလျက် ရှိ၏။ သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယား ဆရာကို ရပ်စေကာ ကျွန်တော်ကို လူကြားထဲမှ အတင်း ဆွဲခေါ်၍ သီချင်းတပုဒ်ကို တီးစေ၏။ သူသည် စန္ဒယားကို လက်ထောက်ခါ မရတရဖြင့် လိုက်ဆို၏။ တီးသော သီချင်းမှာ ”ကဉ္စန” သီချင်းပင်ဖြစ်၏။ တေးဆုံးလျင် လက်ခုတ်တီးကာ နောက်တပုဒ် တီးခိုင်းပြန်၏။ တခါက ဂျပန်ခေတ် ဝန်ကြီး တဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲစမည် ပြုသောအခါ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစား ခန်းမကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ အခြား ဧည့်သည် များကား အဝတွင် ရပ်၍ သူ့အဝင်ကို စောင့်လျက် နေကြ၏။ သူသည် စစ်ဝတ် စစ်စား နှင့် ဝင်လာခါ ရုပ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ဝင်ထိုင် လိုက်ပြီး ဇတ်ကနဲ ဘယာကျော် တတုံးကို ယူခါ စားလိုက်၏။ သူထမင်းစားနေစဉ် ဧည့်သည် ဝင်လာလို့လည်း ဗမာ့ ဧည့်ဝတ် ထုံးစံအရ ထမင်းစားပါအုံးလားဟု ခေါ်ချင်မှ ခေါ်မည့် လူစားမျိုး ဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေ ရင်းများက “ကြောင်သည်” ဟု အမှတ် ထားကြ၏။ သူ့တွင် သိမ်မွေ့ခြင်းမရှိ အလှအပပို သူမမက်မော၊ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံ ပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ် ထုံးစံ၊ ယဉ်ကျေးခြင်း စသည် တို့ကို သူသည် လုံးဝ ဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာ ရပ်များကို မလိုက်စား။ သူ့ကိုယ်သူ အတင်း ယဉ်ကျေးအောင် မလုပ် သူ၏ နဂိုရ် အတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုပြင်ဘဲ နေ၏။
သူ့တွင် နိုင်ငံရေး ဝိညာဏ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး ကိုသာ တခုတည်းလုပ်သော လူတဦးဖြစ်၏။ သူသည် ရီုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်။ တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်းကိုသာ လုပ်သော နိုင်ငံရေး သတ္တဝါဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။ ၁၉၄၂ - ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အတတ်ပညာ (Art) အကြောင်းကို ပြောပြ၏။ “အတတ်ပညာဆိုတာ ရှိတာဘဲ။ လင်မယား ဘဝမှာလည်း အတတ်ပညာ မြောက်အောင် လုပ်ရတာဘဲ။ အတတ်ပညာ မဲ့ယင် လင်မယား ကွဲမှာပေါ့၊ ဒီလိုဘဲ တော်လှန်ရေးမှာလည်း အတတ်ပညာ ရှိတာဘဲ။ အတတ်ပညာ မြောက်မှ တော်လှန်ရေးဟာလည်း တကယ့် တော်လှန်ရေး အစစ်ဘဲ။ ” သည့်နောက် သူနှင့် ကျွန်တော် မတွေ့တော့ တွေ့ဆုံဘို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီ သွားလည်ကလည်း ဖေါ်ဖေါ်ရွေရွေ လောကွတ်ပြူငှာ ခေါ်မည့် လူစားမျိုးလည်း မဟုတ်။ တခါက ဗိုလ်ချုပ် ဘဝတွင် မော်တော် ကားကြီးထဲ၌ သူ၏ ဇနီး ကလေးများနှင့် တဗြုံကြီးကို မြင်လိုက်၏။ အော်…. သားနဲ့ မယားနဲ့မို့ လူစိတ် တော်တော် ပေါက်လာပြီ၊ အရင်လို ကြောင် တော့မည် မဟုတ်။ အကြမ်း အရိုင်းမှ ယဉ်ကျေး လာတော့မည်ဟု အောက့်မေ့လိုက်၏။ မှန် မမှန်ကား မပြောတတ်။ ဖ -ဆ - ပ -လ ဥက္ကဌ အမျိုးသား ခေါင်းဆောင် ဦးအောင်ဆန်း ကိုကား ကျွန်တော် မသိ။ သူ၏ နိုင်ငံရေးကို ဝေဘန်ခြင်း မဟုတ်။ သူ၏ လူ အဖြစ်ကိုသာ ကျွန်တော် သိသည့် အထိ ပြောပြခြင်း ဖြစ်ပေသည်။ တခုတော့ ထင်သည်၊ သူသည် လူထုထဲမှ သူတဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထု ခေါင်းဆောင် ဖြစ်လာသည်၊ ဖြစ်လိမ့်မည်။
(ဒဂုန်တာရာ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up