လစ်ဗျား လှေစီးဒုက္ခသည်အများအပြား ရေနစ်သေဆုံးနိုင်ဟု ကုလပြော

888
လစ်ဗျားနိုင်ငံက ထွက်ခွာလာတဲ့ လှေစီးဒုက္ခသည် အယောက် ၃၀၀ လောက် ပြီးခဲ့တဲ့ ရက်တွေအတွင်း မြေထဲပင်လယ်ထဲ ရေနစ်သေဆုံးနိုင်ချေ ရှိတယ်လို့ ကုလသမဂ္ဂက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကြေညာပါတယ်။
လှေတစီးကို ဒုက္ခသည်အယောက် ၁၀၀ ကျော်နဲ့ စုစုပေါင်း လှေ ၄ စီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ လစ်ဗျားနိုင်ငံက ထွက်ခွာလာတာလို့ ကုလသမဂ္ဂ ပြောခွင့်ရက ပြောဆိုပါတယ်။
လှေ ၄ စီးထဲက ဒုက္ခသည် ၁၀၅ ယောက်ပါ လှေတစီးကိုတော့ အီတလီကမ်းခြေစောင့်တပ်က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ကယ်တင်နိုင်ခဲ့ပါတယ်။
ကျန်လှေ ၃ စီးထဲက ဒုက္ခသည် ၉ ဦးကိုပဲ အီတလီကမ်းခြေစောင့်တပ်က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ကယ်ဆယ်ခဲ့ပြီး အီတလီပိုင် လမ်ပီဒူစာကျွန်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရောက်ရှိ လာကြတာပါ။
ဖေဖော်ဝါရီ ၉ ရက်နေ့ကတော့ ဒုက္ခသည်အနည်းဆုံး ၂၉ ဦး သေဆုံးခဲ့တယ်လို့ ကနဦး သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
လတ်တလော မြေထဲပင်လယ်ထဲမှာ ရာသီဥတု ဆိုးဝါးနေပြီး ပင်လယ်လှိုင်းအမြင့်ပေ ၂၆ ပေနဲ့ အပူချိန် သုညဒီဂရီအထက် ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က အာဖရိကမြောက်ပိုင်းက ထွက်ခွာလာတဲ့ လှေစီး ဒုက္ခသည် ၃၅၀၀ လောက် မြေထဲပင်လယ်ထဲ ရေနစ်သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က ထုတ်ပြန်ပါတယ်။
အီတလီနိုင်ငံရဲ့ မြေထဲပင်လယ် ဒုက္ခသည်ကယ်ဆယ်ရေးလုပ်ငန်း (Mare Nostrum) ကို အင်ပြည့်အားပြည့် ဆောင်ရွက်နိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်က ဒုက္ခသည် ၂ သိန်းကျော်ကို ကယ်ဆယ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီကယ်ဆယ်ရေးလုပ်ငန်းကို အကုန်အကျ မခံနိုင်တော့ဘဲ အီတလီနိုင်ငံက ရပ်ဆိုင်းလိုက်တာကြောင့် အခုနှစ်အတွင်း မြေထဲပင်လယ်ထဲ ရေနစ်သေဆုံးသူ ဒုက္ခသည် ဦးရေ ဆက်လက် မြင့်မားနိုင်တယ်လို့ ကုလသမဂ္ဂက သုံးသပ်ပြောဆိုပါတယ်။
ဓာတ်ပုံ - ရိုက်တာ
[gallery ids="81138,81139,81140,81141,81142"]