လုံခြုံရေးအခြေအနေကြောင့် ယီမင်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးပိတ်

အာရေဗျကျွန်းဆွယ်က ယီမင်နိုင်ငံဟာ အမေရိကန်က အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေကို တိုက်နေတဲ့ စစ်ပွဲအတွင်း ရှေ့တန်းနေရာ ဖြစ်လာခဲ့တာကြောင့် ယီမင်က အမေရိကန်သံရုံးကို ပိတ်လိုက်ပြီလို့ အမေရိကန်အရာရှိတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြောပါတယ်။
ဗြိတိန်နိုင်ငံကလည်း ယီမင်က လုံခြုံရေးစိုးရိမ်မှုတွေကြောင့် သံရုံးဝန်ထမ်းတွေကို ယီမင်နိုင်ငံကနေ ပြန်ခေါ်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှုကို ယာယီရပ်ဆိုင်းတယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကြေညာပါတယ်။
မြို့တော် ဆာနာကို ရှီးယားမွတ်စလင် ပြည်သူ့စစ်တွေဖြစ်တဲ့ ဟူသီ တိုက်ခိုက်ရေးသမားတွေက သိမ်းပိုက်ခဲ့လို့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာကြောင့် သံရုံးကို ပိတ်ခဲ့တာလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေဟာ စက်တင်ဘာလက မြို့တော်ကို သိမ်းပိုက်ပြီး သမ္မတနန်းတော်ကိုတော့ အရင်လက သိမ်းပိုက်ခဲ့ပါတယ်။
သမ္မတ အဘီဒယ် ရာဘူ မန်ဆူးဟာဒီနဲ့ အစိုးရအဖွဲ့က ဆင်းပေးခဲ့ရပါတယ်။ အရင်အပတ်ကတော့ လွှတ်တော်ကို ဖျက်သိမ်းပြီး တရားဝင် အာဏာသိမ်းခဲ့ပါတယ်။
အာရေဗျကျွန်းဆွယ်မှာ အယ်လ်ကိုင်းဒါးအဖွဲ့က ဟူသီတွေကို ဖျက်ဆီးဖို့ သစ္စာဆိုခဲ့လို့ နိုင်ငံတွင်း လူမျိုးရေးပြည်တွင်းစစ်ဖြစ်မှာကို စိုးရိမ်ကြောက်ရွံ့နေကြပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဆွန်နီအစ္စလာမ္မစ်အုပ်စုရဲ့ အတက်ကြွဆုံး တပ်ခွဲဖြစ်တဲ့ အာရေဗျ ကျွန်းဆွယ် အယ်လ်ကိုင်းဒါးအုပ်စုဟာ ယီမင်နိုင်ငံမှာ အခြေစိုက်ပါတယ်။
အမေရိကန်ဟာ စစ်သွေးကြွတွေကို မောင်းသူမယ့် ဒရုမ်းလေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာ ကြာပါပြီ။
ဗျူဟာအကဲခတ်တွေကတော့ ဒီလုပ်ရပ်ဟာ ခြားနားတဲ့အဆုံးအဖြတ်ကို မလုပ်နိုင်ဘဲ အမေရိကန် ဆန့်ကျင်ရေးစိတ်တွေသာ မီးထိုးပေးခဲ့တယ်လို့ သုံးသပ်ပါတယ်။
အမေရိကန် မရိမ်းတပ်သား အယောက် ၁၀၀ လောက်က ယီမင်က အမေရိကန်သံရုံးကို ကာကွယ်ရေးအတွက် ကူညီနေခဲ့တယ်လို့ အမေရိကန် အရာရှိတဦးက ပြောပါတယ်။
ယူအက်စ်အက်စ် အိုင်ဝါ ဂျီမာ (USS Iwo Jima) လေယာဉ်တင် သင်္ဘောရဲ့ ကုန်းရေ ၂ တန်သွား သင်္ဘောတစီးက ယီမင်ကမ်းလွန် ပင်လယ်နီမှာ တပ်ချထားပြီး အစိုးရက အကူအညီ တောင်းခဲ့ရင် သံရုံးဝန်ထမ်းတွေကို နေရာရွှေ့ပြောင်းရေး ကူညီပေးမယ်လို့ ပြောကြားထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
[gallery ids="81104,81105,81106,81107,81108,81109"]