Home
မေးမြန်းခန်း
အစိုးရက ဖက်ဒရယ်ကို အပေါ်ယံလောက်သာ လက်ခံတယ်ဆိုတာ ပေါ်သွားပြီ - နိုင်ဟံသာ
အေးနိုင်
·
February 11, 2015
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့အကြား ပြည်ထောင်စုနေ့မှာ ‘ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးကတိက၀တ်တရပ်’ လက်မှတ်ရေးထိုးကြဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ကမ်းလှမ်းချက်ကို အစိုးရက သဘောမတူဘူးလို့ ယူအန်အက်ဖ်စီ ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။ နိုင်ငံတော်သမ္မတကိုယ်တိုင် တိုင်းပြည်ကို ပြောကြားခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ သဘောထားကို ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးကြဖို့ ယူအန်အက်ဖ်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လက သမ္မတဦးသိန်းစိန်ထံ ဇန်န၀ါရီလ ၁၈ ရက်နေ့က စာရေးသားကမ်းလှမ်းခဲ့ပါတယ်။ ကတိက၀တ်ပြုဖို့ ကမ်းလှမ်းစာမှာ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အ၀ရှိသည့် အမျိုးသားပြည်နယ်များကို အခြေခံ၍ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူကြသည်။ အဆိုပါ သဘောတူညီမှုနှင့်အညီ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘော တူညီချက်ကို ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်းသွားရန် အခိုင်အမာ သံန္နိဋ္ဌာန်ပြုကြပါသည်” လို့ ပါရှိတယ်လို့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ နိုင်ငံတော်သမ္မတက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ရေဒီယိုမိန့်ခွန်းမှာ “ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် အရေးကြီးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေး သဘောတူညီချက်ကို ခိုင်မာစွာရရှိထားပြီးဖြစ်ပါတယ်။” လို့ ပြောဆိုခဲ့တဲ့အပေါ် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ်ရရှိရေးအတွက် တွန်းအားဖြစ်စေအောင် ကတိက၀တ်ပြု လက်မှတ်ထိုးဖို့ ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။ သမ္မတက ဇန်န၀ါရီ ၂၇ ရက်နေ့မှာ ပြန်လည်ကမ်းလှမ်းစာမှာ ရရှိထားပြီးသား တပြည်လုံးအ ပစ်ရပ်သဘောတူညီချက်(မူကြမ်း) ပါ အချက်တွေကို အခြေပြုပြီးတော့သာ ပူးတွဲကြေညာ ချက်ထုတ်ပြန်ကြဖို့ ပါရှိတယ်လို့ နိုင်ဟံသာက ပြောပါတယ်။ ညှိနှိုင်းပြောဆိုမှု တချို့ ရှိခဲ့ပေမယ့် နှစ်ဘက်အကြား နေပြည်တော်မှာ ညှိနှိုင်းဖို့ (ယူအန်အက်ဖ်စီ) ရဲ့ ၆ ရက်နေ့က ကမ်းလှမ်းချက်ကို အစိုးရဘက်က ဒီကနေ့ ညနေထိ အကြောင်းမပြန်လာ တော့ဘူးလို့ ယူအန်အက်ဖ်စီ ကြေညာချက်က ဆိုပါတယ်။ ရပ်နားထားတဲ့ ၇ ကြိမ်မြောက် တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ရန်ကုန်မှာ ပြည်ထောင်စုနေ့ နောက်ပိုင်း တပတ်အတွင်း ပြန်လည်ကျင်းပမယ်ဆိုတဲ့အပေါ်ကိုလည်း နိုင်ဟံသာက သဘောတူညီချက်ရထားခြင်းမရှိသေးကြောင်း ဒီဗွီဘီက မေးမြန်းရာမှာ ငြင်းဆိုခဲ့ပါတယ်။ အန်ကယ်တို့ ယူအန်အက်ဖ်စီက ကမ်းလှမ်းတဲ့ နိုင်ငံရေးအာမခံချက် ကတိက၀တ်ကို ပြည်ထောင်စုနေ့မှာ လက်မှတ်မထိုးနိုင်ဘူးဆိုတဲ့သဘောလား။ [caption id="attachment_65713" align="aligncenter" width="573"]နိုင်ဟံသာ နိုင်ဟံသာ[/caption] “ဟုတ်တယ်။ ဟုတ်တယ်။ တို့အဆိုပြုလိုက်တဲ့အချက်တွေကို ဦးအောင်မင်းက သူက အထက်ကို တင်ပြရမယ်တဲ့ သူလည်း အဆုံးအဖြတ် မပေးနိုင်ဘူး။ သူတို့ဘက်ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ညှိနှိုင်းလို့ရတဲ့ အချက်လောက်ပဲ သဘောတူလို့ ရတယ်ဆိုတဲ့အကြောင်းပေါ့ဗျာ။ အဲလို ပြန်ကြားလာတယ်ဗျ။” ယူအန်အက်ဖ်စီဘက်က ကမ်းလှမ်းတဲ့ အဆိုပြုတဲ့စာသားတော့ တွေ့ပါတယ်။ အစိုးရဘက်က ကမ်းလှမ်းတဲ့ စာသားကိုရော ပြောပြလို့ရမလားခင်ဗျ။ “အစိုးရဘက်က အဲဒီ ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ ကမ်းလှမ်းတာ အဆိုပြုတဲ့စာစောင်ထဲမှာလေ ‘ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လာမယ့်နိုင်ငံရေးဆွေးနွေးပွဲရဲ့ ရလဒ်နဲ့အညီ အကောင်အထည်ဖော်သွားရန်’ သူက အဲသလိုလောက်ပဲ ဖော်ပြတယ်ခင်ဗျ။” အန်ကယ်တို့ညွှန်းဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ၂၀၁၄ ဒီဇင်ဘာ ၂ ရက်နေ့ လစဉ် ရေဒီယိုမိန့်ခွန်းမှာ ‘ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးသဘောတူညီချက် ရရှိပြီးဖြစ်တယ်’ လို့ ပြောကြားချက်အပေါ်ရော အန်ကယ်တို့က ကိုးကားခဲ့ကြတယ်မဟုတ်လား။ “ဒါကလည်း အများသိပြီးသားလေ။ သမ္မတကတော့ အဲသလိုပြောတယ်။ အဲလိုပြောတော့ တို့ကလည်း ဖက်ဒရယ်ပေါ်မှာ ဘယ်လောက်ရှင်းလဲဆိုတာကို သမ္မတဘက်က၊ အစိုးရဘက်က ဘယ်လောက်အနေအထားမျိုး ခံယူထားလဲဆိုတာ ရှင်းရှင်းလင်းလင်း သိချင်တယ်လေ။ ဒါကြောင့် အဲဒီလို ပြောထားတဲ့အပေါ်မှာ ဖြစ်စေချင်တဲ့ ဖက်ဒရယ်မူပေါ့၊ စစ်မှန်တဲ့ ဖက်ဒရယ်မူကို တင်ပြလိုက်တော့ မယောင်မလည်နဲ့ ရှောင်ထွက်သွားတဲ့သဘောမျိုး ပြလာတယ်လေ။” နေပြည်တော်မှာ ပြည်ထောင်စုနေ့မတိုင်ခင် ယူအန်အက်ဖ်စီထဲမှာ မပါတဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နဲ့ ယူအန်အက်ဖ်စီကနေ ယာယီဆိုင်းငံ့ထားတဲ့ ကေအန်ယူက ကိုယ်စားလှယ်တွေ ရောက်ရှိနေပြီး ပြည်ထောင်စုနေ့မှာ တစုံတရာ လက်မှတ်ထိုးနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ကြားသိရပါတယ်။ အန်ကယ်တို့ ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေကရော ပြည်ထောင်စုနေ့ ပူးတွဲထုတ်ပြန်ချက်မှာ ပါဝင်ကြဖို့ရှိလား။ “ပါဖို့တော့မရှိဘူး။ တို့ဘက်ကတော့ တို့အဆိုပြုထားတဲ့မူပေါ်မှာပဲ တို့က ရပ်တည်ရမယ်။” ပြည်ထောင်စုနေ့ပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ထားတယ်လို့သိရပါတယ်။ ၁၆ ဖွဲ့ကို ဖိတ်တယ်ကြားပါတယ်။ ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေ သွားကြမလား။ “အဖွဲ့ဝင်တချို့တော့သွားတယ်။ ဒါကလည်း ဆက်ဆံရေးမပျက်အောင် သွားတာပါ။ ဒါပေမယ့် တို့အနေနဲ့က ယူအန်အက်ဖ်စီအနေနဲ့ သွားဖို့ စီစဉ်ထားတယ်။ ဒါပေမယ့် ဟိုဘက်က ယူအန်အက်ဖ်စီအနေနဲ့ လက်မခံဘူး။ သီးခြားဖိတ်ထားတဲ့အဖွဲ့အစည်းအနေနဲ့ပဲ တက်ရောက်ဖို့ ပြောလာတဲ့အပေါ်မှာ တို့ အစီအစဉ်ပျက်သွားတယ်။” အစိုးရနဲ့ ဦးဖုန်ကြားရှင် ကိုးကန့်တပ် အမ်အန်ဒီအေအေ တိုက်ပွဲဖြစ်တယ်။ ဒီအဖွဲ့က ယူအန်အက်ဖ်စီ အဖွဲ့ဝင်မဟုတ်လား။ ဒီအပေါ် ဘာပြောစရာရှိမလဲ။ “အဖွဲ့အစည်းတခုက သူ ဆိုင်ရာနယ်မြေ သူ့နယ်မြေဟောင်းမှာပဲ သူအခြေပြုတယ်။ သူတို့ကလည်း နိုင်ငံရေးအရ ဖြေရှင်းချင်ပါတယ်။ တို့ ယူအန်အက်ဖ်စီထဲမှာလည်း ပါတယ်။ အန်စီစီတီထဲမှာလည်း ပါတယ်။ ဒါပေမယ့်ပေါ့ဗျာ ကနေ့အထိကတော့ သူတို့တဖွဲ့တည်းမဟုတ်ဘူးလေ။ ပလောင်တို့ရော၊ ကချင်တို့ရော အစိုးရဘက်က တိုက်နေတဲ့အပေါ်မှာ၊ သူတို့ကိုလည်း တိုက်နေတဲ့အပေါ်မှာ သူတို့က သူတို့နေရာဟောင်းကို ပြန်ရယူချင်တဲ့ ဦးတည်ချက်နဲ့ပဲလေ သူတို့က ၀င်တိုက်တာဖြစ်တယ်လို့ သိရတယ်။ဓ ပြည်ထောင်စုနေ့မှာ လက်မှတ်မထိုးကြဘူးဆိုတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့နောက်ပိုင်း ရန်ကုန်မှာ တွေ့ဆုံဆွေးနွေး (တပြည်လုံးအပစ်ရပ်) ပွဲအပေါ် သက်ရောက်မှုရှိမလား။ “ဖေဖော်ဝါရီ ၁၂ ရက်မှာ သမ္မတရဲ့ဖိတ်စာက သမ္မတက သူနဲ့ သူ့ဇနီးရဲ့ ညစာစားပွဲအတွက် ဖိတ်တဲ့ သဘောမျိုးဖြစ်တယ်လေ။ အဲဒီမှာကလည်း သွားရောက်ရင်းနဲ့ပေါ့ဗျာ နိုင်ငံရေးအရ ညှိနှိုင်းတာ ဖြစ်ရင် ဖြစ်မှာပေါ့။ အဲဒါကတော့ တို့က တို့ရဲ့အဆိုကို တင်ထားပြီးပြီပဲလေ၊ ဟိုဘက်က လက်မခံနိုင်တဲ့အပေါ်မှာ ဆွေးနွေးစရာလည်းမရှိတော့ဘူးလို့ တို့မြင်တယ်။” ဖေဖော်ဝါရီ ၁၂ ရက်နောက်ပိုင်း တပတ်အတွင်းမှာ ရန်ကုန်မြို့မှာ ယူပီဒဗလျူစီ (ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့) နဲ့ အန်စီစီတီ (တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့) တို့ ဆွေးနွေးပွဲကတော့ ပုံမှန်အတိုင်း ညှိထားတဲ့အတိုင်းပဲ ဖြစ်မယ်ပေါ့။ ဟုတ်လား။ “အဲဒါက ဦးအောင်မင်းပြောတာက တမျိုး။ ဒီမှာ တို့ဆွေးနွေးတာကလေ ဒီမှာပဲ ဆက်လုပ်ဖို့။ ထိုင်းထဲမှာပဲပေါ့။ အန်စီစီတီ အစည်းအဝေးထိုင်မယ်။ ဟိုဘက်က တဦးစ၊ နှစ်ဦးစပေါ့လေ ကိုယ်စားလှယ်တွေ လွှတ်လာပြီးတော့မှ ဒီမှာလာ ညှိနှိုင်းဖို့ အဲသလိုတော့ နားလည်ထားတယ်ဗျ။” ဒါဆို ယူပီဒဗလျူစီ နဲ့ အန်စီစီ ရန်ကုန်မှာ ၇ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲက ဖေဖော်ဝါရီ ၁၂ ရက်နေ့နောက်ပိုင်း တပတ်အတွင်းကျင်းပမယ်ဆိုတာ မဟုတ်ဘူးလားခင်ဗျ။ “အင်း၊ မဟုတ်သေးဘူး။ အလွတ်သဘောပဲတွေ့ဖို့၊ အလွတ်သဘောဆိုတာ အခြေအနေကို တီးခေါက်ဖို့ အဲသလိုသဘောပဲ။” ၀န်ကြီး ဦးအောင်မင်းက ပြည်ထောင်စုနေ့အပြီး တပတ်အတွင်းဆိုတော့ အန်ကယ်တို့ ဒီပြောဆိုချက်ကို ပြန်ချေဖျက်တဲ့သဘောလား။ “မဟုတ်ပါဘူး။ ဦးအောင်မင်းပြောတော့ တမျိုးဖြစ်နေတယ်ဗျ။ တို့နဲ့ပြောတုန်းက အလွတ်သဘော တွေ့ဖို့ပဲ ၇ ကြိမ်မြောက်မဟုတ်သေးဘူး။ ၇ ကြိမ်မြောက်ပွဲအတွက်ကို ပြင်ဆင်တဲ့ အလွတ်သဘော တွေ့ဆုံတဲ့ပွဲပဲလေ။” ဒါဆိုလို့ရှိရင် မနှစ်ဒီဇင်ဘာလတုန်းက ပဒိုစောကွယ်ထူးဝင်းတို့၊ ဒေါက်တာဆလိုင်းလျှန်မှုန်းဆာခေါင်းတို့ ရန်ကုန်မှာ သွားတွေ့ ညှိနှိုင်းကြတဲ့ ပွဲမျိုးလားခင်ဗျ။ “အဲသလိုတောင်မဟုတ်ဘူး။ ဒီမှာပဲ တို့လုပ်မယ်။ ဟိုဘက်ကနေ သူတို့လာမယ်။ အဲလိုသဘော ပြောထားတယ်ဗျ။” ပြည်ထောင်စုနေ့မှာ ယူအန်အက်ဖ်စီကို ဘာကြောင့် အစိုးရက မဖိတ်တာလဲ။ “အဲဒါတော့ တို့လည်း မပြောတတ်ဘူးဗျာ။ သူတို့မဖိတ်ဘူးဆိုတဲ့ဟာကတော့ သူတို့ကိုမေးမှပဲ သိမယ်ဗျ။” ဦးဖုန်းကြားရှင်တို့ ကိုးကန့်တပ်ဖွဲ့ တိုက်တာက ဖက်ဒရယ်ယူနီယံတပ်မတော် (အက်ဖ်ယူအေ) နဲ့ အစိုးရအကြားဖြစ်တဲ့ တိုက်ပွဲတွေလို့ ညွှန်းလို့ရလား။ အက်ဖ်ယူအေထဲမှာ ပါတဲ့အဖွဲ့တွေ တိုက်နေကြတာမဟုတ်လား။ “ဟုတ်တယ် မြောက်ပိုင်းမှာကတော့ အဲဒီ အဖွဲ့တွေလေ စုပြီးတော့ အဲသလို ပုံစံမျိုးတော့ရှိတယ်။” ပြည်ထောင်စုနေ့မှာ နိုင်ငံရေးကတိက၀တ်လက်မှတ်ထိုးဖို့ အန်ကယ်တို့ကမ်းလှမ်းချက် တဖက်က လက်မခံ မလိုက်လျောတဲ့အပေါ် သုံးသပ်ပြပါ။ “သုံးသပ်ချင်တာကတော့ သမ္မတကနေပြီးတော့ ဒီ ဖက်ဒရယ်မူအပေါ်မှာ နားလည်မှု ရထားပြီးဖြစ်တယ်လို့ ပြောနေတဲ့အပေါ်မှာ သာမန်အားဖြင့် လူထုတွေကတော့ တိုင်းရင်းသားတွေ တောင်းဆိုတဲ့အချက်ကို လက်ခံနေပြီ ဆိုတဲ့သဘောမျိုးမြင်တယ်လေ။ တို့ကတော့ အဲဒါကို ပြန်လည်ရှင်းလင်းတဲ့သဘောပါ။ အမှန်ကတော့ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံကို အစိုးရက ဘယ်လောက်လက်ခံလဲ။ ဒါကို လက်ခံမယ်ဆိုရင် ဒါ ခိုင်မာတဲ့ သဘောတူညီချက်မျိုးကို တို့လိုချင်တယ်။ အဲဒါကို ရမယ်ဆိုရင်တော့ ရှေ့ဆက်ညှိနှိုင်းဖို့က အများကြီးလွယ်သွားမယ်လို့ တို့မြင်တယ်။ အဲဒီအပေါ်မှာ ယေဘုယျ နာမည်ခံ (ဒါမှမဟုတ်) အပေါ်ယံလောက်ပဲ အစိုးရဘက်က လက်ခံတယ်ဆိုတဲ့ဟာကတော့ ပေါ်လွင်သွားပြီးလို့ပဲ တို့ကတော့ အဲလိုမြင်တယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024