အိန္ဒိယဧည့်လမ်းညွှန်က ဂျပန်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်

914
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျိုင်းပူး (Jaipur) မြို့မှာ အိန္ဒိယဧည့်လမ်းညွန်တဦးက ဂျပန် ကမ္ဘာလှည့်ခရီးသည်တဦးကို အဓမ္မ ပြုကျင့်ခဲ့တဲ့အတွက် အမှုဖွင့်တိုင်ကြားထားတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်ပြီး ဆေးစစ်ချက်ကလည်း အတည်ပြုတယ်လို့ ရဲအရာရှိက ပြောဆိုပါတယ်။
ဒါကြောင့် အဓမ္မပြုကျင့်သူ ဧည့်လမ်းညွန်ကို ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့က စုံစမ်းနေတယ်လို့လည်း ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း နိုင်ငံအရှေ့ပိုင်းက ကာလက္ကတား (Kolkata) မြို့မှာ အခုလို ဂျပန်ကမ္ဘာ့လှည့်ခရီးသည်အမျိုးသမီး အဓမ္မပြုကျင့်ခံရမှုတမှု ဖြစ်ပွားခဲ့ပါသေးတယ်။
အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အဓမ္မပြုကျင့်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာပါ။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ဒေလီမြို့တော်မှာ ဆေးကျောင်းသူတဦး အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့တဲ့နောက်ပိုင်းမှာမှ အိန္ဒိယနိုင်ငံရဲ့ အဓမ္မပြုကျင့်မှုတွေဟာ ရှေ့တန်းကို ရောက်လာပြီး ပြည်တွင်းနဲ့ ပြည်ပမှာပါ အပြင်းအထန် ပြစ်တင်ရှုတ်ချခံလာရတာပါ။
အစိုးရရဲ့ ရာဇ၀တ်မှုမှတ်တမ်းဌာနစာရင်းအရ ၂၀၁၁ ခုနှစ်က အမျိုးသမီးတွေအပေါ် ပြစ်မှုကျူးလွန်မှု ၂၂၀၀၀ ကျော်ရှိခဲ့တာကနေ ၂၀၁၂ ခုနှစ်မှာတော့ ၂၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့တာပါ။
အဲဒီအမှုတွေမှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ ခင်ပွန်းဖြစ်သူနဲ့ ဆွေမျိုးသားချင်းတွေက ရက်စက်မှုတွေ ပါဝင်ပါတယ်။