အိုင်အက်စ် သိမ်းထားသည့် ခိုဘာနီမြို့ဝန်းကျင် ရွာများ လွတ်လပ်သည့် ဆီးရီးယားစစ်တပ် ပြန်သိမ်း

ဆီးရီးယားနိုင်ငံ ခိုဘာနီမြို့ဝန်းကျင်က အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ (အိုင်အက်စ်)အဖွဲ့က သိမ်းဆည်း ထားတဲ့ ရွာတွေကို လွတ်လပ်တဲ့ ဆီးရီးယားစစ်တပ် (အက်ဖ်အက်စ်အေ)က ပြန်လည် သိမ်းပိုက် လိုက်ပြီ ဖြစ်ပါတယ်။
ဒီအတွက် အိုင်အက်စ်တွေသိမ်းထားတဲ့ နယ်မြေတွေ ပိုပြီး ပြန်သိမ်းနိုင်ရေး ဦးတည်နေပြီလို့လဲ ပြောပါတယ်။
ခိုဘာနီမြို့နဲ့ အလက်ပိုမြို့တို့ကို ချိတ်ဆက်ထားတဲ့ ခါရာခိုဇဲ့ခ်တံတားကို ပြန်သိမ်းနိုင်ရေး ရည်မှန်းထားတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက် အင်တာနက်ပေါ်တင်လာတဲ့ အက်ဖ်အက်စ်အေရဲ့ ရုပ်သံထဲမှာ ပြောဆိုထားပါတယ်။
အင်တာနက် လူမှုကွန်ယက် စာမျက်နှာပေါ် ဖြန့်ချီလာတဲ့ ဒီရုပ်သံရဲ့ စစ်မှန်မှုကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ကာ့ဒ်လူမျိုးတွေကတော့ အိုင်အက်စ်အဖွဲ့ကို ခိုဘာနီမြို့ကနေ မောင်းထုတ်နိုင်ခဲ့အပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့က ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေပါတယ်။
အိုင်အက်စ်အဖွဲ့ဟာ မြို့ပြင် ၆ မိုင်အကွာက ကျေးလက်ဒေသတွေမှာ တပ်စွဲထားတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
အက်ဖ်အက်စ်အေနဲ့ ကာ့ဒ်သူပုန်တွေကြား အစောပိုင်းက ပဋိပက္ခ ဖြစ်ခဲ့ပေမယ့် ပြန်ပြီး ပူးပေါင်းနိုင်ခဲ့တာပါ။
[gallery ids="80843,80840,80841,80842"]