မလေးအတိုက်ခံ လိင်တူဆက်ဆံမှု ပြစ်ဒဏ် အယူခံ တရားရုံး ပယ်ချ

1.5K
မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါ အီဗရာဟင်ရဲ့ လိင်တူဆက်ဆံမှုစွဲချက်ကို မလေးရှားနိုင်ငံ အမြင့်ဆုံး ဗဟိုတရားရုံးက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လက လိင်တူဆက်ဆံမှုအတွက် တရားရုံးက အန်ဝါကို ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး အယူခံပယ်ချလိုက်တာကြောင့် ထောင်ကို ပို့ဆောင်ခံရတော့မှာ ဖြစ်ပါတယ်။
မွတ်စလင်အများစုရှိရာ မလေးရှားနိုင်ငံမှာ လိင်တူဆက်ဆံမှုကို တရားမ၀င်ဘူးလို့ သတ်မှတ် ပိတ်ပင်ထားပါတယ်။
[caption id="attachment_80828" align="alignright" width="322"]
ဓာတ်ပုံ (ရိုက်တာ)[/caption]
အန်ဝါကတော့ သူကို နိုင်ငံရေးကနေ ဖယ်ရှားဖို့ အာဏာရညွန့်ပေါင်းပါတီရဲ့ ကြိုးစားမှုဖြစ်တယ်လို့ ပြောဆိုပြီး သူကို ထောက်ခံသူတွေကတော့ ဒီဆုံးဖြတ်ချက်ကို အပြင်းအထန် ဝေဖန်ကြပါတယ်။
တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် လာမယ့် ၂၀၁၈ ရွေးကောက်ပွဲမှာ အန်ဝါ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။
အသက် ၆၇ နှစ် မလေးရှားနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း အန်ဝါဟာ အတိုက်အခံ ညွန့်ပေါင်း ၃ ပါတီကို ဦးဆောင်နေပြီး လက်ရှိ အာဏာရပါတီရဲ့လွှမ်းမိုးမှုကို ချေဖျက်နိုင်မယ့် တဦးတည်းသော အတိုက်အခံခေါင်းဆောင်လို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြတာပါ။
လက်ရှိ အာဏာရပါတီ ဖြစ်တဲ့ ဘာရီဆန် အမျိုးသားပါတီဟာ ၁၉၅၇ ခုနှစ်ကတည်းက စတင် အာဏာရလာခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မေလက နောက်ဆုံး ကျင်းပခဲ့တဲ့ရွေးကောက်ပွဲရလဒ်တွေအရ လူထုထောက်ခံမှု အနည်းဆုံးဖြစ်နေတာပါ။
ဒီလိင်တူဆက်ဆံမှုနဲ့ တရားရုံးဆုံးဖြတ်ချက်ဟာ အန်ဝါကို အာဏာရပါတီ ဘာရီဆန်အမျိုးသားပါတီကက ၁၉၉၈ ခုနှစ်မှာ ထုတ်ပယ်ခံရပြီး ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမအကြိမ်ကိုတော့ အမှုခိုင်လုံမှု မရှိဘူးဆိုပြီး ၂၀၁၂ ခုနှစ်က တရားရုံးက ပလပ်ခဲ့ပါတယ်။
