ကျောင်းသား သပိတ်စစ်ကြောင်း ပြည်မြို့အနီးရောက်ရှိ

ပြည်မြို့ကို ချီတက်တဲ့ မန္တလေး-ရန်ကုန် ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို ပဲခူးတိုင်းအတွင်း မြို့နယ်တွေ က ပြည်သူလူထုရာပေါင်းများစွာက ကြိုဆို ၀န်းရံခဲ့ကြသလို လမ်းမှာစောင့်ဆိုင်းနေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လည်း တစုံတရာ တားမြစ်ခြင်းမပြုတဲ့အတွက် အေးအေးချမ်းချမ်းနဲ့ ပြည်မြို့အနီး ရောက်ရှိကြပါတယ်။
မကွေးတိုင်းအောင်လံမြို့ကနေ ဒီနေ့မနက်ချီတက်လာတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ ပဲခူးတိုင်း နယ်စပ် ယုန်ဖြူတောင်မှာ စောင့်ဆိုင်းတဲ့ လုံခြုံရေး ရဲတွေရဲ့ တားမြစ်မှုကို မခံရဘဲ ဆက်လက်ချီ တက်ခဲ့ကြပြီး ပြည်မြို့နဲ့ ၃ မိုင်အကွာက တီတွတ်ကျေးရွာကို ရောက်ရှိနေပြီဖြစ်ပါတယ်။
ပေါင်းတည်မြို့ကနေ ကျောင်းသားသပိတ်စစ်ကြောင်းကို လမ်းမှာ သွားရောက် ကြိုဆို ၀န်းရံတဲ့ ပေါင်းတည်ဒေသခံတဦးက “ပဲခူးတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ လမ်း ယုန်ဖြူတောင်မှာ စွမ်းအားရှင် အယောက် ၂၀၀ လောက်နဲ့ လုံထိန်းအင်အားနဲ့ စောင့်တယ်လေ။ စောင့်တော့ ကျနော်တို့ ပေါင်းတည်၊ နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ ရွှေတောင်၊ သဲကုန်းတို့က လူတွေအကုန်လုံး ၀ိုင်းပြီးတော့ အင်အားဖြည့်လိုက်တယ်ပေါ့။ အင်အားဖြည့်တော့ သူတို့အင်အားနည်းတာနဲ့ သူတို့လည်းပဲ နောက်ဆုတ်သွားတယ်။ ပြည်သူရော ကျောင်းသားရောဆို ယုန်ဖြူတောင်မှာ သုံးထောင်လောက်ရှိ မယ်“လို့ ပြောပါတယ်။
“မဘသ ဘုန်ကြီးတွေပါ သူတို့ ခေါ်သေးတယ်လေ။ ခေါ်လာတော့ ဘုန်းကြီးရော သူတို့ရော တားလို့မရဘူး။ ဒီဘက်က ပြည်သူက အင်အားအရမ်းများနေတာ။ အခုတော့ ကျနော်တို့ ပြည်အ၀င် ၀က်ထီးကန်အနားက တီတွတ် (ကျေးရွာ) ကို ရောက်နေပြီ” လို့ သူက ဆက် ပြောပါတယ်။
ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က “ ကျနော်တို့ သတင်းကြီးနေတဲ့ ယုန်ဖြူတောင် အတားအဆီးကို ကျနော်တို့ ရောက်တဲ့အခါမှာ အရပ်သားလုံးခြုံရေးအင်အား ၂၀၀ ခန့်နဲ့ ရဲ့တပ်ဖွဲ့ ၀တ်စုံအပြည့် ၀တ်ထားတဲ့ အင်အား ၄၀ လောက် ရှိနေပါတယ်။ ဒါပေမယ့် ဒီစစ်ကြောင်းကို လာရောက်ကြိုဆိုကြတဲ့ မိဘပြည်သူတွေ၊ ပြည်မြို့ နည်းပညာ တက္ကသိုလ်၊ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ၊ မြို့မိမြို့ဖ ကြိုဆိုမှုတွေနဲ့ အတူ စောင့်ဆိုင်းနေတဲ့အချိန်ဖြစ်တဲ့အတွက် ကျနော်တို့ စစ်ကြောင်း ဖြတ်သန်းရာတလျှောက်မှာ သူတို့ ဘေးတဖက်တချက်စီကနေဘဲ ကြည့်ရှုသတင်းယူတာပဲရှိပါတယ်။ ကျနော်တို့ ဒီတိုင်း ဖြတ်သန်းသွားလာလို့ရ ခဲ့ပါတယ်။”ပြောပါတယ်။
မနေ့တုန်းက ပြည်မြို့မှာ ကျောင်းသားတွေကို ကြိုဆိုဖို့ ပြင်ဆင်နေသူတွေထဲက တက္ကသိုလ် ကျောင်းသား ကိုသန့်စင်ထက် ဖမ်းဆီးခံခဲ့ရပါတယ်။ ကိုသန့်စင်ထက် ဖမ်းဆီးခံရမှုဟာ သိရသလောက် လက်ရှိကျောင်းသား သပိတ်နဲ့ မပတ်သက်ဘဲ အရင်ကာလ ဆန္ဒပြမှုတွေနဲ့ သက်ဆိုင်တာဖြစ်တယ်လို့ ပေါင်းတည်ဒေသခံက ပြောပါတယ်။
ပေါင်းတည်မြို့ခံက “ကိုသန့်စင်ထက်က ပထမ သူက သဲကုန်းလယ်ယာမြေကိစ္စ နဲ့ သူ့ကို နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ စွဲထားတာရှိတယ်လေ။ နောက်တခု က လက်ပံတောင်း တောင်မှာ ဒေါ်ခင်ဝင်း သတ်ခံရမှုနဲ့ ပြည်မှာ ဆန္ဒဖော်ထုတ်တာ ငြိမ်းစုစီ ပုဒ်မ ၁၈ နဲ့ တခါညှိတယ်။ နောက်တခါ မန္တလေးမှာ ပုဒ်မ ၁၈ ငြိမ်းစုစီနဲ့ တခါ ညှိတယ်။ အဲဒီကိစ္စဖမ်းခံရတာ။ အစကတည်းက သူ့ကို ၀ရမ်းထုတ်ထားတယ်လေ” လို့ ပြောပါတယ်။
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းဟာ ပြည်မြို့မှာ ဒီကနေ့နဲ့ မနက်ဖြန် ညအိပ်ရပ်နားပြီး ကျန်တိုင်း နဲ့ ပြည်နယ်တွေက လာရောက်ပူးပေါင်းမယ့် သပိတ်စစ်ကြောင်းတွေကို စောင့်ဆိုင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ နောက်တရက်မှာတော့ ပေါင်းတည်မြို့ကို ချီတက်မယ်လို့ သိရပါတယ်။
[gallery ids="80725,80726,80727,80728,80729,80730"]