မူးယစ်ဆေးဝါးနှိမ်နင်းရေး ထိုင်းက ဒေါ်လာ ၆ သိန်းခန့် ထောက်ပံ့ရန် သဘောတူ
နန်းမြနဒီ
·
February 9, 2015
ထိုင်းမြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၆ သိန်းနီးပါး အကူအညီပေးဖို့ သဘောတူလက်မှတ်ထိုးပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးချုပ်မှာ ထောက်ပံ့ ကူညီမှု သဘောတူ ညီချက်ကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ၀င်းကိုကိုက ဒီဗွီဘီကို ပြောပါတယ်။
[caption id="attachment_80679" align="alignleft" width="300"] ဓာတ်ပုံ (နေရှင်း)[/caption]
“ကျနော်တို့ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ဒေါ်လာ ၅၉၆၆၉၈ (ငါးသိန်း ကိုးသောင်း ခြောက်ထောင် ခြောက်ရာ ကိုးဆယ့်ရှစ် )ပေါ့၊ အဲဒီလောက် တန်ဖိုးရှိတဲ့ နည်းပညာတွေ၊ ပစ္စည်းတွေ ကူညီပေးမှာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးမှာ စွမ်းရည်မြှင့်တင်ဖို့၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကာကွယ် တားဆီးရေးမှာ စွမ်းရည်မြှင့်တင်ဖို့၊ နောက်ပြီးတော့ ကျနော်တို့ဆီမှာ ရှိတဲ့ မူးယစ်ဆေးဝါး တားဆီးရေးနဲ့ ပတ်သက်တဲ့ ဓာတ်ခွဲခန်းတွေ စွမ်းရည်မြှင့်တင်ဖို့ပေါ့ အဲဒီလုပ်ငန်းတွေအတွက် သူတို့က အကူအညီပေးတာပါ။”လို့ သူက ပြောပါတယ်။
သဘောတူညီချက်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုဌာန အတွင်းရေးမှူး ရဲချုပ် ဇော် ၀င်းနဲ့ ထိုင်းနိုင်ငံ မူးယစ် ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဖိန့်ဖုန်း ချောဝ်ဗလစ်တို့ လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။
နှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ ဘန်ကောက်မြို့က မြန်မာသံရုံးမှာ ရုံးခန်း ဖွင့်လှစ် ဆောင်ရွက်နေသလို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ရုံးခန်း ထပ်မံဖွင့်ခဲ့တယ်လို့ ဒုရဲမှူးကြီး ၀င်းကိုကိုက ပြောပါတယ် ။
ချင်းမိုင်ရုံးဟာ မဲခေါင်မြစ်ဝှမ်းဒေသတွင်းနိုင်ငံဖြစ်တဲ့ တရုတ်၊ မြန်မာ၊ ထိုင်း နဲ့ လာအိုနိုင်ငံတို့ ပါဝင်တဲ့ ပူးပေါင်း ဆက်ဆံရေးရုံး ဖြစ်ပြီး ၂ လ ၁ ကြိမ် အလှည့်ကျ ရုံးထိုင်ပြီး ဒီကြားထဲ လိုအပ်သလို ဆောင်ရွက်ရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမူးယစ်ရဲတပ်ဖွဲ့အဆိုအရ မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိတဲ့ဒေသ တွေက တော့ ထိုင်း၊ တရုတ်နဲ့ လာအိုနိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်စပ်တွေ ဖြစ်ကြောင်း၊ အဲဒီဒေသ တွေဟာ တောတောင်လျှိုမြောင်ထူ ထပ်တဲ့အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေလည်း အများဆုံးဖြစ်တယ်လို့ သိရပါတယ်။