ကိုလံဘီယာငြိမ်ချမ်းရေးဆွေးနွေးပွဲတွင် ကူညီရန် မယ်စကြာဝဠာကို သူပုန်အဖွဲ့ ကမ်းလှမ်း

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေမှာ ပါဝင်ကူညီဖို့ အခုနှစ် မယ်စကြ၀ဠာသရဖူ ဆွတ်ခူးခဲ့တဲ့ ကိုလံဘီယာမယ်ကို အကြီးဆုံးသူပုန်အဖွဲ့ကြီး Farc က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။
ကိုလံဘီယာငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လိုတယ်လို့ စကြာဝဠာမယ် ပေါ်လီနာ ဗယ်ကာ Paulina Vega က ပြောဆိုခဲ့ဖူးတာကြောင့် သူပုန်အဖွဲ့က အခုလို ကမ်းလှမ်းလိုက်တာပါ။
အခုချိန်ထိတော့ ဗယ်ကာဘက်က တုံ့ပြန်မှုလည်း မရှိသေးသလို သူပုန်တွေဘက်ကလည်း ဘယ်လိုအခန်းကဏ္ဍက ပါဝင်နိုင်တယ်ဆိုတာကို အသေးစိတ် ထုတ်ဖော်ပြောဆိုမှုလည်း မရှိသေးပါဘူး။
ကိုလံဘီယာ Farc သူပုန်တွေနဲ့ အစိုးရဟာ နှစ်ပေါင်း ၅၀ ကျော် တိုက်ခိုက်ခဲ့ကြအပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ၂၀၁၂ မှာ စတင်ခဲ့ကြတာပါ။
ကျူးဘားနိုင်ငံမှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲတွေဟာ ပြီးခဲ့တဲ့လတွေအတွင်း ရှေ့မတိုးနိုင်ဖြစ်ခဲ့တာပါ။
နောက်တကြိမ် ဆွေးနွေးပွဲတွေပြန်စမယ်လို့ နှစ်ဖက်ကိုယ်စားလှယ်တွေ ဖေဖော်ဝါရီ ၇ ရက်နေ့က ကြေညာခဲ့ကြပါတယ်။
မြေယာပြုပြင်ပြောင်းလဲရေးနဲ့ ကိုလံဘီယာနိုင်ငံရေးမှာ သူပုန်တွေ တရားဝင်ပါဝင်ခွင့်ရရေးတွေကတော့ သဘောတူညီရရှိထားပြီးဖြစ်ပေမယ့် အပြီးသတ်ငြိမ်းချမ်းရေးရရှိဖို့တော့ ကျန်နေပါသေးတယ်။
အခုလို ကိုလံဘီယာ စကြာဝဠာမယ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကူညီဖို့ သူပုန်တွေဘက်က ကမ်းလှမ်းမှုဟာ
စိတ်ဝင်စားစရာဖြစ်ခဲ့ပြီး ရှေ့မတိုးသာဖြစ်နေတဲ့ ဆွေးနွေးပွဲတွေအတွက် တစုံတရာအကျိုး ရှိလိမ့်မယ်လို့လည်း သူပုန်တွေက မျှော်လင့်နေကြပါတယ်။
၁၉၆၄ ခုနှစ်က စတင်ခဲ့တဲ့ လက်ဝဲ၀ါဒီ Farc သူပုန်တော်လှန်ရေးအတွင်း သေဆုံးသူ ၂ သိန်း ၂ သောင်းလောက်ရှိခဲ့ပြီး အများစုက အပြစ်မဲ့အရပ်သားတွေ ဖြစ်ကြပါတယ်။
[gallery ids="80624,80625,80626,80627,80628"]