ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ၃၉ ကြိမ်မြောက် ပန်းပွဲတော် (သတင်း ဓာတ်ပုံ)
DVB
·
February 8, 2015
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီလ ပထမပတ်မှာ ၃ ရက်ဆက်တိုက်ကျင်းပတဲ့ ပန်းပွဲတော် ကျင်းပတာ ဒီနှစ်ဆိုရင် ၃၉ ကြိမ်မြောက်ပြီ ဖြစ်ပါတယ်။
၁၉၇၇ ခုနှစ်ကနေ စတင်ကျင်းပတဲ့ ပန်းပွဲတော်ကို ဒီနှစ်မှာတော့ “ထိုင်း-လမ်းနား ယဉ်ကျေးမှုကို အာဆီယံသို့ ဆောင်ယူခြင်း” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။
ဒီနှစ် ချင်းမိုင်ပန်းပွဲတော်ကို ဥရောပ ပန်းဥယျာဉ် အဖွဲ့က တနှစ်တာ ပန်းပွဲတော်ဆုကို ပေးအပ်ခဲ့ပါတယ်။
အရောင်အသွေးစုံလင်တဲ့ ပန်းအမျိုးအစား ၂၅ မျိုးနီးပါး ပြသတဲ့ ပန်းပွဲတော်ကို မြောက်ပိုင်း နှင်းဆီ အဖြစ် လူသိများတဲ့ ချင်းမိုင်မြို့ အနောက်တောင်ဘက် ကျူံးအနီးက ဆွမ်ဘတ်ဟတ် ပန်းခြံမှာ ကျင်းပနေပါတယ်။
ဒီပွဲတော်မှာ သစ်ခွပန်းအပါအ၀င် ပန်းအမျိုးမျိုးနဲ့ ဘွမ်ဇိုင်းထိုးထားတဲ့ အပင်တွေကိုလည်း ခင်းကျင်းပြသ ရောင်းချသလို ပန်းခြံကို တန်ဆာ အလှဆင်တဲ့ ပြခန်းတွေကိုလည်း ပြသပါတယ်။ ပွဲတော်မှာ အလှဆုံး ပန်းခြံ တန်ဆာ အလှဆင်တဲ့ ဆုကိုလည်း ချီးမြင့်လေ့ရှိပါတယ်။
ဒါ့အပြင် ပွဲတော်ရက် အတွင်းမှာတော့ ပန်းတွေနဲ့ အလှဆင်ထားတဲ့ ကား ၂၈ စီး၊ ရိုးရာ တီးဝိုင်းတွေ၊ ဘင်ခရာအဖွဲ့တွေ ရိုးရာနဲ့ တိုင်းရင်းသား ၀တ်စုံ ဆင်ယင်ထားတဲ့ ထိုင်းလှပျိုဖြူတွေက မြို့ကို ပတ်ပြီး လှည့်လည်ကြပါတယ်။
အလှဆင်ထားတဲ့ ကားထဲက အလှဆုံးကားကို ထိုင်းနိုင်ငံက တော်ဝင် မင်းသမီး မဟာ ချပ်ရီသီရီဒုံက ၇ နှစ်ဆက်တိုက် ချီးမြှင့်လာတဲ့ တော်ဝင် ဆုဖလားကို ရရှိမှာ ဖြစ်ပါတယ်။
ချင်းမိုင် ပန်းအလှပွဲတော်နဲ့ အတူ ပန်းပြိုင်ပွဲရဲ့ ဘုရင်မ ရွေးချယ်ပွဲကို ကျင်းပပါတယ်။ အလှဆင်ကားတွေပေါ်မှာ လိုက်ပါလာတဲ့ လှပျိုဖြူတွေက ဒီပန်းပြိုင်ပွဲ ဘုရင်မ အဖြစ် ၀င်ရောက် အရွေးခံမယ့်သူတွေလည်း ဖြစ်ပါတယ်။
ချင်းမိုင် ပန်းပွဲတော်ဟာ ထိုင်ဝမ်၊ ဂျပန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံတို့မှာ ကျင်းပလေ့ ရှိတဲ့ ပန်းပွဲတော်တွေနဲ့ အလားသဏ္ဌာန် တူညီတယ်လို့ ဆိုပါတယ်။
သတင်း ဓာတ်ပုံ- ထွန်းထွန်းသိန်းနှင့်တာရာ
[gallery ids="80582,80583,80584,80585,80586,80587,80588,80589,80590,80591,80592,80593,80594,80595,80596"]