အစ္စလာမ်မ္မစ် နိုင်ငံတော် အမည်ခံ (အိုင်အက်စ်) အဖွဲ့ဟာ ပြန်ပေးဆွဲလာတဲ့ အီရတ် ကလေးငယ်တွေကို လိင်ကျွန်အဖြစ် ရောင်းချမှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အိုင်အက်စ်အဖွဲ့က ကလေးငယ်တွေကို စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်နေသလို ဈေးနှုန်းတပ်ပြီး လိင်ကျွန်အဖြစ် ရောင်းစားတာတွေလည်း လုပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးအခွင့်ရေးကော်မတီ ကျွမ်းကျင်သူ ရေးနပ် ၀င်တာကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ရေးပါတယ်။
ဒါ့အပြင် အီရတ်က အသက် ၁၈ နှစ်အောက် ယောက်ျားလေးတွေကို အသေခံ ဗုံးခွဲသမား၊ ဗုံးလုပ်တဲ့သူနဲ့ သတင်းပေးအဖြစ် အသုံးပြုသလို အမေရိကန် ခေါင်းဆောင်တဲ့ တိုက်ခိုက်မှုတွေကို အကာအကွယ်ယူဖို့ လူသား ဒိုင်းအဖြစ် အသုံးပြုနေလို့ ဒီကလေးတွေအတွက် တကယ်ကို စိုးရမ်ပူပန်တယ်လို့ သူက ပြောပါတယ်။
၈ နှစ်နဲ့ ဒီထက်ငယ်တဲ့ကလေးတွေကို ကလေးစစ်သားအဖြစ် လေ့ကျင်ပေးနေတဲ့ ဗွီဒီယိုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အယ်လ်ကိုင်ဒါးကနေ ခွဲထွက်လာတဲ့ အိုင်အက်စ်အဖွဲ့ဟာ ဆီးရီးယားနဲ့ အီရတ်ကို အစ္စလာမ္မစ် ပိုင်နက်အဖြစ် ကြေညာခဲ့ပါတယ်။
ထောင်နဲ့ ချီတဲ့လူတွေကို သတ်ဖြတ်ခဲ့သလို ထောင်နဲ့ ချီတဲ့လူတွေဟာလည်း ဒီအဖွဲ့ကြောင့် အိုးမဲ့ အိမ်မဲ့တွေ ဖြစ်ခဲ့ပါတယ်။