မြန်မာအလုပ်သမားများထံမှ ဘတ်ငွေ ၅ သန်းခန့် လိမ်ယူမှုကြီး စတင်စစ်ဆေး

ဘန်ကောက်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကနေ အစုရှယ်ယာငွေ သန်းနဲ့ချီ လိမ်လည်ထားတဲ့ ထိုင်းကုမ္ပဏီပိုင်ရှင်ကို သက်ဆိုင်ရာတရားရုံးက ဖေဖော်ဝါရီ ၆ ရက်မှာ ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးခဲ့ပါတယ်။
ဘန်ကောက် ဖလန်းဆောင်နယ်မြေမှာ ရုံးဖွင့်ထားတဲ့ Sunjaoping Co.Ltd ပိုင်ရှင် နိုင်းကစ်သီဆတ်ဒ် ကျန်ထနချိုင်း (အသက် ၄၆) နှစ် နဲ့တကွ အပေါင်းပါ မြန်မာ ၁၃ ဦးတို့ကို ထုန်းပူရီးနယ်မြေ ၀ပ်ဆင်တရားရုံးမှာ စစ်ဆေးခဲ့တယ်လို့ ဒီအရေးမှာ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။
“အမှုကို ဖေဖော်ဝါရီ ၆ နေ့ မနက် ၈ နာရီကျော်ကနေ ၁၂ ကျော်ထိ စစ်ဆေးပါတယ်။ အလုပ်သမားတွေကိုလည်း စစ်တယ်၊ သူဌေးက သူ့အနေနဲ့ ဒီကိစ္စကို မငြင်းပါဘူး။ ဒါပေမယ့် စာချုပ်စာတမ်းမှာပါတဲ့အတိုင်း ပေးလျော်မယ်လို့ ပြောသွားတယ်။ ထွက်ပေါက်ရှာတာပေါ့ဗျာ။ သူ့ကို မဖမ်းခင် ၁၅ ရက်လောက်က အလုပ်သမားတွေရဲ့ စာချုပ်ကို တဖက်လှည့်နဲ့ ပြန်သိမ်း ထားတာလည်းရှိသေးတယ်။ အဲဒါတွေကို မလျော်ရအောင် ပြောတာပေါ့လေ။ ဒါပေမယ့် ကျနော်တို့က အဲဒီစာချုပ်တွေပါ ရအောင်ပြန် လုပ်ရပါမယ်။”
ဒီအမှုမှာ စာရင်းအတိအကျနဲ့ တင်ထားတာက အလိမ်ခံရတဲ့ငွေကြေးပမာဏ ထိုင်းဘတ်ငွေ ၄၅ ၈၈၂ ၁၃၃ (လေးဆယ့်ငါးသန်းရှစ်သိန်းရှစ်သောင်းနှစ်ထောင်တစ်ရာ သုံးဆယ့်သုံးဘတ်) ရှိပြီး နစ်နာသူပေါင်း ၇၁၂ ဦးရှိကာ စာရင်းအတိအကျမရသေးတဲ့ သူတွေလည်း ရှိသေးတယ်လို့ သူကဆက်ပြောပါတယ်။
ဒီကနေ့ တရားရုံးမှာ လာရောက်ကြားနာတဲ့ အလုပ်သမားပေါင်း ၄၀၀ လောက်ရှိပြီး နောက်တကြိမ်ရုံးချိန်းကို တရားသူကြီးက ဒီလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ မှာ ပြန်ချိန်းတယ်လို့ ဆိုပါတယ်။
Sunjaoping Co.Ltd ကုမ္ပဏီဟာ ခေါင်းလျှော်ရည်၊ အလှဆီ၊ ဆပ်ပြာ အစရှိတဲ့ လူသုံးကုန်အမျိုးမျိုးကို ရောင်းဝယ်ပြီး သူ့ဆီမှာ အစုရှယ်ယာဝင်တဲ့သူတွေအနေနဲ့ ကုမ္ပဏီထုတ် ကုန်ပစ္စည်းတွေကို ဈေးနှုန်းသက်သာစွာဝယ်ယူရမှာဖြစ်သလို ရလာတဲ့ အကျိုးအမြတ်တွေကိုလည်း ရာနှုန်းအလိုက် ခွဲဝေခံစားရမှာဖြစ်ကြောင်း၊ ဘတ် ၁ သောင်း ရှယ်ယာဝင်က ၄ လအတွင်း အမြတ်ငွေ ၄ ဆရမယ်လို့ ပြောခဲ့တဲ့အတွက် အလုပ်သမားပေါင်း ၁၀၀၀ ကျော်က ရှယ်ယာတွေ ၀ယ်ခဲ့ တာ ဖြစ်ပါတယ်။
၎ လကြာတဲ့နောက် အမြတ်မရတဲ့အပြင် ရှယ်ယာအရင်းပါ ပြန်မရတဲ့အတွက် အလုပ်သမားတွေက သက်ဆိုင်ရာကို အဆင့်ဆင့်တိုင်ကြားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလထဲမှာ ထိုင်းနိုင်ငံ စီးပွားရေးဆိုင်ရာဒုစရိုက်မှုနှိမ်နင်းရေးဌာနက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်နဲ့ မြန်မာအလုပ်သမားကူညီရေးအဖွဲ့ပင်တွေက ကုမ္ပဏီကို အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီလောက်မှာ ၀င်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရွှေလုပ်သားနှင့် တွဲလက်ညီ ဖေ့စ်ဘွတ်ခ်
[gallery ids="80419,80420,80421,80422,80423"]