ဘရာဇီးနိုင်ငံပိုင် ရေနံကုမ္ပဏီကြီးဖြစ်တဲ့ ပီထရိုဘရာစ်(Petrobras) ရဲ့ အကျင့်ပျက် ခြစားမှုမှာ ပါဝင်ပတ်သက်မှုနဲ့ အာဏာရ အလုပ်သမားပါတီကြီးရဲ့ ဘဏ္ဍာရေးမှူးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ရဲက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
[caption id="attachment_80395" align="aligncenter" width="586"]

ဘဏ္ဍာရေးမှူး ဂျိုးအ်အို ဗာကာရီ နစ်တို[/caption]
ပီထရိုဘရာစ်ရေနံကုမ္ပဏီရဲ့ စီအီးအို ဂရာကာ ဖော်စတာ (Graca Foster) ရာထူးက တရားဝင် နုတ်ထွက်သွားအပြီး နောက်တနေ့မှာ ဘဏ္ဍာရေးမှူး ဂျိုးအ်အို ဗာကာရီ နစ်တို(Joao Vaccari Neto)ကို ရဲတွေက စစ်ဆေးမေးမြန်းနေတာပါ။
ပီထရိုဘရာစ်ကုမ္ပဏီရဲ့ လက်ခွဲကန်ထရိုက်တွေ ရရှိဖို့ ကုမ္ပဏီငယ်တွေက အများအပြား လာဘ်ထိုးခဲ့ရပြီး အဲဒီငွေတွေဟာ အာဏာရအလုပ်သမားပါတီကြီးနဲ့ ခေါင်းဆောင်တွေဆီ ရောက်ရှိကုန်တယ်လို့ စုံစမ်းရေးအရာရှိတွေက စွပ်စွဲနေကြတာပါ။
ပီထရိုဘရာစ် ကုမ္ပဏီမှာ အကျင့်ပျက်ချစားမှုတွေ စတင်တွေ့ရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက အဲဒီကာလက ကုမ္ပဏီဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ လက်ရှိသမ္မတ ဒီလ်မာ ရုစ်ဆက်ဖ်( Dilma Rousseff) က ကုမ္ပဏီမှာ လျို့ဝှက်ဖုံးကွယ်စရာ မရှိဘူးပါဘူးလို့ ပြောဆိုခဲ့တာပါ။
အခုတခါလည်း သူ့ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်ခဲ့စဉ်ကာလ ဖြစ်ပွားခဲ့တဲ့ ဒီအဂတိလိုက်စားမှု တွေကို သူမသိရှိဘူးလို့လည်း ပြောဆိုပါတယ်။
ဒီငွေအလွဲသုံးစားမှုတွေကြောင့် နိုင်ငံပိုင် ပီထရိုဘရာစ်ရေနံကုမ္ပဏီကြီးမှာ အမေရိကန်ဒေါ်လာ အနည်းဆုံး ၃.၇ ဘီလီယံကနေ ၂၂ ဘီလီယံအထိ ဆုံးရှုံးနိုင်တယ်လို့ စုံစမ်းရေးအရာရှိတွေက ပြောဆိုပါတယ်။
ဒီကိစ္စတွေ တဆင့်ပြီးတဆင့် ကျယ်ပြန့်လာတာကြောင့် အရင် စွမ်းအင်နဲ့ သတ္တုရေးရာဝန်ကြီးဖြစ်ခဲ့တဲ့ သမ္မတ ရုစ်ဆက်ဖ်အတွက် အကျပ်ရိုက်စရာဖြစ်ခဲ့ပြီး အခုတခါ ပါတီ ဘဏ္ဍာရေးမှူးပါ ငွေကြေးကိစ္စနဲ့ အမေးမြန်းခံရတာကြောင့် အခြေအနေက ပိုဆိုးလာပါတယ်။
နောက်ထပ် ရှာဖွေမှုတွေနဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ဖို့ လူ ၆၂ ယောက်ကိုလည်း ၀ရမ်းထုတ်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။