အိုင်အက်စ်ချေမှုန်းရေး လေကြောင်းတိုက်ခိုက်မှုအစည်းဝေး ဂျော်ဒန်ဘုရင်တက်

ဂျော်ဒန်ဘုရင် အဗ္ဗဒူလာဟာ မြို့တော် အမ္မန်က စစ်တပ်ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ အစ္စလာမ်မ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေကို ပစ်မှတ်ထားမယ့် ဂျော်ဒန်လေကြောင်းတိုက်ခိုက်မှုတွေအကြောင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက်နေ့က တက်ရောက်ခဲ့ပါတယ်။
ဗိုလ်ချုပ် မာရှယ် အယ်လ်ဇာဘန်နဲ့ စစ်ဗိုလ်ချုပ်တွေက ဘုရင်အဗ္ဗဒူလာကို လေကြောင်း တိုက်ခိုက်မှုအကြောင်း အသေးစိတ် ရှင်းပြခဲ့ကြတယ်လို့ အစိုးရရုပ်သံက ဆိုပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ အစောပိုင်းကတော့ ဂျော်ဒန်တိုက်လေယာဉ်တွေဟာ ဆီးရီးယားက အိုင်အက်စ်စစ်သွေးကြွတွေရဲ့ ပုန်းခိုကျင်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက် သံလှောင်အိမ်ထဲ ထည့်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရတဲ့ ဂျော်ဒန်လေယာဉ်မှူးရဲ့ ဇာတိမြို့ကောင်းကင်ယံမှာ တိုက်လေယာဉ်အုပ်က ပျံသန်းခဲ့ပါတယ်။
မြေပေါ်မှာတော့ ဘုရင်အဗ္ဗဒူလာက ဂျော်ဒန်လေယာဉ်မှူးရဲ့ မိသားစုကို ကိုယ်တိုင် တွေ့ဆုံနေခဲ့တာပါ။
တိုက်ခိုက်မှုအသေးစိတ်ကို နောက်ပိုင်းမှာ အများပြည်သူကို အသိပေးမယ်လို့ အစိုးရရုပ်သံက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ အမေရိကန် ဦးဆောင်တဲ့ စစ်ရေးပူးပေါင်းတပ်ရဲ့ မူဘောင်အပြင်ကနေ အိုင်အက်စ်စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှု လုပ်ပြီလို့ ဂျော်ဒန်အစိုးရက ပထမဆုံး ကြေညာတာလည်း ဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကို ဂျော်ဒန်လေယာဉ်မှူးအသတ်ခံရတဲ့ ရက်ကာမြို့ အနီးဝန်းကျင်မှာ လုပ်ခဲ့တာလို့ အမည်မဖော်တဲ့ အမေရိကန်အရာရှိတဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဂျော်ဒန်ပြည်သူအများအပြားကတော့ နိုင်ငံတွင်းက အစွန်းရောက် စစ်သွေးကြွတွေက လက်တုံ့ပြန်မယ့် ပဋိပက္ခထဲ ရောက်နိုင်ချေအတွက် ကြောက်ရွံ့နေကြပါတယ်။
ဂျော်ဒန်ဟာ အမာခံ အစ္စလာမ္မစ်အုပ်စုတွေကို တိုက်နေတဲ့ အမေရိကန်ရဲ့ အကြီးစား မဟာမိတ် ဖြစ်ပါတယ်။
၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲအတွင်း အမေရိကန်တပ်တွေကို လက်ခံထားခဲ့ပြီး အီရတ်နဲ့ ဆီးရီးယား နယ်စပ်ကာကွယ်ရေး တိုးမြှင့်ဖို့ အမေရိကန်စစ်သင်တန်းဆရာ ဦးရေ ရာနဲ့ချီပြီး နေထိုင်ရာနိုင်ငံလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ ဗွီဒီယို
[gallery ids="80379,80380,80381"]