အာဖရိက ၃ နိုင်ငံတွင် အီဘိုလာကူးစက်မှု ပြန်မြင့်

ပြီးခဲ့တဲ့နှစ်အတွင်း အီဘိုလာရောဂါအဆိုးဆုံးဖြစ်ပွားခဲ့တဲ့ အနောက်အာဖရိကနိုင်ငံ ၃ နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အီဘိုလာရောဂါကူးစက်နှုန်း ပြန်မြင့်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လကနေစပြီး ရောဂါကူးစက်နှုန်း အနည်းဆုံးကို ကျဆင်းလာတာကနေ ဇန်န၀ါရီလနောက်ဆုံးပတ်က အခုနှစ်အတွင်း ပထမဆုံး ပြန်မြင့်တက်လာတာလို့ ပြောပါတယ်။
၁ ပတ်အတွင်း ကူးစက်မှု ၁၂၄ မှု ရှိခဲ့ရာမှာ ဆီယာလီယွန်နိုင်ငံက ကူးစက်နှုန်း ၈၀ နဲ့ အများဆုံး၊ ဂီနီနိုင်ငံက ၃၉ မှုနဲ့ လိုင်ဘေးရီးယားနိုင်ငံကတော့ ၅ မှုနဲ့ ဆက်ရှိခဲ့တာပါ။
ဒေသခံရောဂါကာကွယ်တားဆီးရေးဆေးဝန်ထမ်းတွေရဲ့ စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ဒေသခံတချို့က ရောဂါနဲ့ သေဆုံးသူတွေကို မြှုပ်နှံမှုဟာ စနစ်တကျ မရှိခဲ့တာကြောင့် အခုလို ကူးစက်နှုန်း ပြန်မြင့်လာတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အကြီးအကဲက ပြောပါတယ်။
အခုတော့ အဲဒီနေရာတွေမှာ အရေးပေါ်ရောဂါကုသရေးဆေးတပ်ဖွဲ့တွေကို အရေးပေါ် စေလွှတ်နေရာချထားလိုက်ပြီလို့လည်း ပြောဆိုပါတယ်။
လာမယ့် ဧပြီနဲ့ မေလဟာ အနောက်အာဖရိကမှာ မိုးရာသီဖြစ်တာကြောင့် မိုးမ၀င်ခင် ရောဂါကာကွယ်ကုသရေးလုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားဖို့ကိုလည်း WHO အဖွဲ့ကြီးက သတိပေးတိုက်တွန်းထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
[gallery ids="80334,80335,80336,80337"]