ဖေဖော်ဝါရီ ၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာဖရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တခုဖြစ်တဲ့ အိမ်ရှင် အီကွေတိုးရီးယဲယ်ဂီနီအာနဲ့ ဂါနာတို့ပွဲမှာ ကွင်းအတွင်း ပရိသတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဂါနာကစားသမားတွေကို ရဲတွေက လုံခြုံရေးပေးပြီး ကွင်းအပြင်ကို ခေါ်ထုတ်သွားခဲ့ရပါတယ်။

ဒုတိယပိုင်း ကစားနေချိန်မှာလည်း အိမ်ရှင် ဂီနီအာ ပရိသတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဂါနာပရိသတ်တွေ ကွင်းထဲ ဆင်းပြေးလာခဲ့ကြပြီး ပွဲကို ၈ မိနစ်လောက် ရပ်ထားခဲ့ရပါတယ်။

အိမ်ရှင်ပရိသတ်တွေဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို မကျေမနပ်ဖြစ်ခဲ့တာကြေင့် ပထမပိုင်းအပြီးကစလို့ သောင်းကျန်းခဲ့ကြတာပါ။ ဂါနာအသင်းက တတိယ အနိုင်ဂိုးသွင်းပြီးတဲ့အချိန်မှာ အိမ်ရှင် ဂီနီအာ ပရိသတ်တွေက ကွင်းထဲကို ပုလင်းခွံတွေ မှန်ကွဲစတွေနဲ့ ပစ်ခတ်ခဲ့ကြလို့ ဂီနီအာကစားသမားတွေက ပရိသတ်တွေကို ဖျောင်းဖျခဲ့ပေမယ့် ပရိသတ်သောင်းကျန်းမှုကတော့ မရပ်တန့်ခဲ့ပါဘူး။

“ဘာတွေဖြစ်နေလဲ ကျနော်မသိတော့ဘူး၊ ကျနော့် ကစားသမားတွေလုံခြုံရေးကို ကျနော် အရမ်းစိုးရိမ်နေမိတယ်” လို့ ဂါနာနည်းပြ အေဗမ်ဂရန့် ကပြောပါတယ်။
ဂီနီအာနည်းပြကလည်း ပရိသတ်တွေရဲ့ အကြမ်းဖက်မှုကြောင့် သူအရမ်းဝမ်းနည်းပါတယ်လို့ ပြောခဲ့ပါတယ်။