A d v e r t i s e m e n t With Us

ကျောင်းသားသပိတ်စစ်ကြောင်း လုံခြုံရေးစည်းများဖြတ်ရဖွယ်ရှိ

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းဟာ မနက်ဖြန်ကစလို့ အောင်လံမြို့အ၀င်ထိ လမ်းတကြော နေရာနှစ်ခုမှာ ရာနဲ့ချီတဲ့ လုံထိန်းတပ်ဖွဲ့ဝင်တွေ နေရာယူတပ်စွဲထားတယ်လို့ စစ်ကြောင်းကို ၀န်းရံသူတွေက ပြောပါတယ်။ သပိတ်စစ်ကြောင်းဟာ ဒီမနက် သစ်ရာကောက်ကျေးရွာကနေထွက်လာပြီး တောင်တွင်းကြီးကို ဒီနေ့ည ရောက်ရှိပြီး ပြည်သူတွေ ထောင်သောင်းချီ ကြိုဆိုခဲ့ကြပါတယ်။ မနက်ဖြန်မနက်  အောင်လံမြို့အထိ လုံထိန်းရဲတွေကို ဖြတ်ကျော်ရမယ်လို့ ကျောင်းသားတွေကို ၀န်းရံတဲ့ တောင်တွင်းကြီးမြို့ခံ ကိုဖြူ  (အမည်ရင်းမဟုတ်) က ပြောပါတယ်။ “မနက်ဖြန် တောင်တွင်းကြီးမြို့ကနေ မနက် ၉ နာရီထွက်မယ်။ တောင်တွင်းကြီးနဲ့ ဆယ်မိုင်လောက်ဝေးတဲ့ ဆတ်သွားမှာ နေ့လယ်စာစားမယ်။ ဆတ်သွားမှာက လုံထိန်း ၂၀၀ လောက်ချထားတယ်။ ကျနော်တို့ ညအိပ်မှာက ကိုးပင်ရွာ။ ကိုးပင်ရွာက ဆတ်သွားနဲ့ ၁၇ မိုင်လောက် ဝေးတယ်။ အောင်လံမှာကျတော့ သူက အင်အား ၃၀၀ (လုံထိန်း) လောက် ထပ်ချထားတယ်။ ကျနော်တို့ နည်းနည်းစိုးရိမ်ရတာက ကိုးပင်နဲ့ အောင်လံကြားပေါ့။ သူက ညှပ်ထားတဲ့သဘောဗျ။” ဆတ်သွားရွာ အ၀င်မှာ လုံထိန်းအင်အားချထားတာမဟုတ်ဘဲ ဆတ်သွားကနေအထွက် အောင်လံမြို့ဘက်မှာ ချထားတာလို့ ဆိုပါတယ်။ “ကျနော်ကြည့်ရတဲ့ပုံစံက သူတို့ ဟပေးလိုက်ပြီးမှ အောင်လံက ချထားတဲ့အဖွဲ့နဲ့ ဆတ်သွားအဖွဲ့က နောက်ကနေလိုက်ပြီးမှ ပိတ်မယ့်သဘောလား အဲဒါ တွက်ချက်နေတာ။” တောင်တွင်းကြီးမြို့က ရပ်မိရပ်ဖတွေနဲ့ ထောက်ခံသူတွေက မနက်ဖြန် ညအိပ်ရပ်နားတဲ့ ကိုးပင်အထိ လိုက်လံပို့ဆောင်ဖို့ စီစဉ်ထားကြပါတယ်။  အောင်လံမြို့ခံတွေနဲ့ ဆင်ပေါင်ဝဲမြို့ခံတွေက ချီတက်သပိတ်စစ်ကြောင်းကို ကိုးပင်ရွာကနေ အောင်လံဘက်ကို ဆက်လက်ဝန်းရံသွားဖို့ စီစဉ်နေကြပါတယ်။ ပညာရေးဥပဒေပြင်ဆင်ရေး ကျောင်းသားသပိတ်စစ်ကြောင်းဟာ မြန်မာစံတော်ချိန် ၇ နာရီလောက်မှာ တောင်တွင်းကြီးမြို့နယ်အ၀င်ထိပ်က သဖန်းကုန်းကျေးရွာအနီးမှကတည်းက ဒေသခံတွေက ကြိုဆိုနေကြတာလို့ ပြောပါတယ်။ မျက်မြင်တဦးက “ကျောင်းသားအဖွဲ့ကို ကြိုတဲ့အဖွဲ့တွေနဲ့ပိတ်နေတာ။ လူတွေက လမ်းတွေပေါ်မှာ ပြည့်နေတာ။ ဆိုင်ကယ်ကို ၀င်လို့မရဘူး။ ကြိုတဲ့လူက အရမ်းကို များနေတာ”  လို့ ပြောပါတယ်။ ဓာတ်ပုံ - Ko min zaw facebook [gallery ids="80260,80261,80262"]

A d v e r t i s e m e n t With Us

More News
Up