Home
မြန်မာသတင်း
တိုက်ပွဲများကြောင့် အပြစ်မဲ့အရပ်သားများ ထိခိုက်သေဆုံး
နန်းမြနဒီ
·
February 4, 2015
အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် အပြစ်မဲ့အရပ်သားတွေ ထိခိုက်ဒဏ်ရာရသေဆုံးကြသလို ထွက်ပြေးတိမ်း ရှောင်ကြရပါတယ်။ အစိုးရတပ်တွေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)၊  တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) အကြား တိုက်ပွဲတွေကြောင့် ရွာသားတွေ ဖမ်းခံရတာ၊ ထွက်ပြေးတိမ်းရှောင်တာနဲ့ မိုင်းစ ထိမှန်သေဆုံးတာတွေဖြစ်ခဲ့ကြတာပါ။ ကချင်ပြည်နယ် ဖားကန့်ဒေသ မရှီကထောင်ကျေးရွာမှာ အစိုးရတပ်က ကေအိုင်အေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကောင့် ကျောက်တူးလုပ်သားတဦး ဒဏ်ရာရသေဆုံးခဲ့တယ်လို့ ဖားကန့်က ဓမ္မအမှုဆောင် ဆရာဖုန်ဆိုင်းက ပြောပါတယ်။ [caption id="attachment_67471" align="aligncenter" width="789"]အစိုးရတပ်ဖွဲ့ဝင်အချို့ အစိုးရတပ်ဖွဲ့ဝင်အချို့[/caption] “ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်တော့ အစိုးရတပ်က တပ်မကုန်းက နေ လက်နက်ကြီးနဲ့ ကူပစ်တာ၊ ကေအိုင်အေရှိတဲ့နေရာကို မကျဘဲ ကပ်မော်ဘက်ကျ ကျတယ်။  အဲဒီမှာ ကွန်ဗင့်နော်အောင်ဆိုတဲ့ ကျောက်တူးသမားကို ထိတယ်။ အမြောက်ဆန်က ၄ ချက်တောင်မှ၊ အလောင်းကို ချက်ချင်းကောက်လို့မရဘူး” လို့ ပြောပါတယ်။ သေဆုံးသူ အသက် ၂၀ အရွယ် လူငယ်ရဲ့အလောင်းကို နောက်နေ့မနက်ကျမှ အသင်း တော်က  ကောက်ယူသင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။ အလောင်းကို စောင့်တဲ့ သူငယ်ချင်း ကျောက်တူးသမား ၃  ဦးကိုလည်း တပ်မ ၆၆ လက်အောက်ခံ အစိုးရတပ်က ဖမ်းခေါ်သွားတယ်လို့ သူကဆက်ပြောပါတယ်။ ဖေဖော်ဝါရီလ  ၃ ရက် ညနေပိုင်းမှာ ကပ်မော်ဘက်ကို တက်လာတဲ့ အစိုးရတပ် ယာဉ်တန်း ၂ စီးကို     ကေအိုင်အေက ဆီးကြိုတိုက်ခိုက်ခဲ့ပြီး၊  ဒီကနေ့ မနက်ပိုင်းကလည်း နမ့်ယားဒေသဘက်မှာ တိုက်ပွဲဖြစ်တယ်လို့ သူက ပြောပါတယ်။ ဇန်န၀ါရီလဆန်းပိုင်း တိုက်ပွဲကြောင့် ကံဆီးရွာမှာ ခိုလှုံနေတဲ့ ရွာသားတွေလည်း အစာရေ စာခက်ခဲလို့ ဖားကန့်မြို့ပေါ်ပြောင်းရွှေ့လာကြကြောင်းနဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ မိသားစု ၁၀၀ ကျော် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ မန္တလေးတိုင်း မိုးကုတ်မြို့နယ် နဲ့ ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်ဘက်မှာလည်း အစိုးရတပ် နဲ့ တီအန်အယ်လ်အေ ပလောင်တပ်ကြား တိုက်ပွဲပြင်းထန်နေပါတယ်။ အစိုးရတပ်ဘက်က ရဟတ်ယဉ်ပေါ်က ပစ်ခတ်လို့ ရွာသားတွေ ထိမှန်ဒဏ်ရာရပြီး ထွက်ပြေးနေကြတယ်လို့ တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ  ဗိုလ်ကြီး တာ့အိုက်ကျော်က ပြောပါတယ်။ “ဒီလထဲမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်ရော၊ ၃  ရက်မှာပါ တနေကုန်နီးပါး ပစ်ခတ်ကြတယ်။ မိုးမိတ် နဲ့ မိုးကုတ်မြို့နယ်ကြား ရွှေညောင်ပင်၊ ရွှေသာယာ စတဲ့ ရွာတွေနားမှာ ဖြစ်ခဲ့တယ်။ ၃ ရက်နေ့ကဆိုရင် အစိုးရတပ်က ရဟတ်ယာဉ်ပေါ်ကနေ မရှင်းဂန်း စက်သေနတ်နဲ့ ကူပစ်တယ်။ အောက်မှာသွားနေတဲ့ ရွာသား ၄- ၅ ယောက်ကို ထိမိတယ်လို့ သတင်းပို့ပါတယ်ခင်ဗျ။ အဲဒါ ဆိုင်းလိင်ရွာကလို့ပြောတယ်။ တခြား ရွာသားတွေလည်း ထွက်ပြေးကြတယ်။” ၂ ရက်နေ့ တိုက်ပွဲမှာ အစိုးရတပ်ဘက်က အနည်းဆုံး ၉ ဦးကျပြီး တအာင်းတပ်ဘက်က  ၁ ဦးကျတယ်လို့ သူကဆက်ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မလွန်ဘန်ခါးကျေးရွာဘက်မှာလည်း မီးလောင်ရာ တွေနဲ့ သေဆုံးနေတဲ့ ရွာသား ၄ ယောက်အလောင်းကို ဒေသခံတွေ တွေ့ရှိပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ KNG ကချင်သတင်းအဖွဲ့က ထုတ်ပြန်ပါတယ်။ သေဆုံးသူ ရွာသား ၄ ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက တောထဲကို မီးသွေးသွားဖုတ်ရင်း အစိုးရတပ်ရဲ့ ဖမ်းဆီးတာ ခံရကြောင်း၊ ရွာသားတွေက လိုက်လံရှာဖွေရာမှာ မီးလောင်ထားတဲ့အလောင်းကို ၃၁ ရက်နေ့မှာ ပြန်တွေ့တယ်လို့  KNG မှာ ဖော်ပြပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် - တာမိုးညဲသွား လမ်းပေါ်က မော်ဟန်ရွာနားမှာ လက်ဖက်ခြံ သွားတဲ့ ရွာသူ ၂ ဦး ဖေဖော်ဝါရီလ ၂ ရက်နေ့က အသတ်ခံရကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ကွတ်ခိုင်ရဲစခန်းကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ အဲဒီရွာမှာပဲ ရွာသား ၁၀ ဦးကို အစိုးရတပ်က ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဖမ်းခေါ်စစ်မေးခဲ့ တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အစိုးရဘက်ကထုတ်ပြန်တဲ့ တိုက်ပွဲဖြစ်ရခြင်းအကြောင်းရင်းနဲ့ ကျဆုံးသေဆုံးဒဏ်ရာသူအရေ အတွက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ထုတ်ပြန်တဲ့ စာရင်း ကွာဟပါတယ်။ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီလ ၂ ရက်က ဖားကန့်ဒေသမှာ  ကေအိုင်အေ အင်အား ၄၀ လောက် အစိုးရတပ်ကို စတင်ပစ်ခတ်တဲ့အတွက် နှစ်ဘက်အပြန်အလှန်ပစ်ခတ်ပြီး အစိုးရ တပ်မတော်သား ၄ ဦး ကျဆုံး၊ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကြောင်းက ဒဏ်ရာရ စစ်သည်တွေ သယ်ဆောင်လာစဉ် အပြန်လမ်းမှာလည်း ကေအိုင်အေက စောင့်ကြိုပစ်ခတ်ခဲ့ရာမှာ အစိုးရတပ်က စစ်ကြောင်းအကူ ခေါ်ယူပြီး ပြန်တိုက်ခဲ့ ကြောင်း၊ ကေအိုင်အေတပ်ဖွဲ့ဝင် အလောင်း တလောင်း၊ သံသယရှိလူ ၅ ဦး ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် မိုးကုတ် - မိုးမိတ်ကားလမ်း အရှေ့ဘက်မှာ တပ်မတော်စစ်ကြောင်းက နယ် မြေရှင်းလင်းရေးလုပ်ရင်း ဖေဖော်ဝါရီ ၂ ရက် နဲ့ ၃ ရက်မှာ တီအန်အယ်လ်အေ တအာင်း တပ်နဲ့ တိုက်ပွဲဖြစ်ပြီး အစိုးရတပ်ဘက်က စစ်သည် ၅ ဦး ကျဆုံး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း၊ တီအန်အယ်လ်အေ က်က အလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိတယ်လို့  ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အစိုရဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု သတင်းရင်းမြစ်နှစ်ခုစလုံးရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်လို့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024