Home
မြန်မာသတင်း
ယာယီသက်သေခံလက်မှတ်ကိုင်သူများကို မဲပေးခွင့်ပြုမှု ရခိုင်ပါတီနှင့်လူမှုအဖွဲ့များ ကန့်ကွက်
ရွှေအောင်
·
February 4, 2015
နိုင်ငံသားစိစစ်ဆဲ ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူတွေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့မှုအပေါ် ရခိုင်အမျိုးသားပါတီနဲ့ ရခိုင်လူမှုအဖွဲ့အစည်းတွေက နည်းလမ်းပေါင်းစုံသုံးပြီး အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ဖို့ ပြင်ဆင်နေကြပါတယ်။ ရခိုင်အမျိုးသားပါတီရဲ့ ဖေဖော်ဝါရီ ၃ ရက်ထုတ်ပြန်ကြေညာချက်မှာ ရခိုင်ပြည်နယ်အတွင်း ခိုးဝင်ဘင်္ဂါလီတွေ ကိုင်ဆောင်တဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ထားသူတွေ မဲပေးခွင့်မရဖို့ မလျော့စတမ်း တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဘိုးမင်းက လိုအပ်ရင် လူထုနဲ့ လမ်းပေါ်ထွက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။ 1234172_611378545603632_361281044_n“ပြည်ထောင်စုလွှတ်တော်ကဆုံးဖြတ်လိုက်တဲ့ကိစ္စ နောက်တခါ ရွေးကောက်ပွဲကော်မရှင်ကနေ ပါတီမထောင်ရ၊ ပါတီဝင်မဖြစ်စေရလို့ ပြောထားတာကို မဲပေးခွင့်ပေးတယ်ဆိုတာ တခုနဲ့တခု ပြောင်းပြန်ဖြစ်နေတယ်။ အခု လွှတ်တော်မှာ ကော်မရှင်ဥပဒေနဲ့ပတ်သက်ပြီး နောက်ထပ်တင်ထားတာ ရှိတယ်။ အဲ့ဒါတွေကို ဘာမှ ဆွေးနွေးခွင့် မရဘူးဆိုရင် ပါတီဗဟိုကော်မတီစည်းဝေးခေါ်ပြီးတော့ လိုအပ်ရင် လမ်းပေါ်ထွက်ဆန္ဒပြရမှာပေါ့ဗျာ။” ရခိုင်ပြည်နယ်ထဲမှာ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူပေါင်း ၇ သိန်းကျော်ရှိတယ်လို့ ပြည်နယ်လွှတ်တော်ထဲမှာ ဖြေကြားခဲ့ဖူးကြောင်းလည်း သူက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြို့မိမြို့ဖ ဦးဦးသာပွင့်ကတော့ ပြည်နယ်ထဲရှိ ရခိုင်လူမှုအဖွဲ့အစည်းတွေ ဖေဖော်ဝါရီ ၇ ရက် စည်းဝေးပွဲခေါ်ပြီးတော့ ဘယ်ပုံဘယ်နည်း ဆန့်ကျင်ကန့်ကွက်ကြမယ်ဆိုတာ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။ “ဆန္ဒဖော်ထုတ်မလား၊ ဆန္ဒပြတဲ့အခါ မြို့နယ် ၁၇ မြို့နယ် ကိုယ့်မြို့နဲ့ ကိုယ် လုပ်ကြမလား၊ ဒါမှမဟုတ် တမြို့နဲ့တမြို့ လမ်းလျှောက်ဆန္ဒပြကြမလား၊ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့အဆင့်အထိ လုပ်မလား၊ အဲ့ဒါတော့ အစည်းအဝေးဆုံးဖြတ်ပြီးမှ ပြောလို့ရမယ်။” သမ္မတဦးသိန်းစိန်က လွှတ်တော်ဆီပြန်ပေးပို့ခဲ့တဲ့ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း” နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂ ရက်၊ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဆန္ဒခံယူပွဲဥပဒေကြမ်း ပုဒ်မ၁၁ (က) မှာ ၀ှိုက်ကတ်ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်နဲ့ ပတ်သက်လို့ ပြဋ္ဌာန်းထားပြီး ပြည်ထောင်စုလွှတ်တော်က မဲပေးခွင့်မပြုဖို့ဆုံးဖြတ်ပြီး ဥပဒေကြမ်းကို သမ္မတထံပေးပို့လိုက်ပြီး သမ္မတက ယာယီသက်သေခံလက်မှတ် ကိုင်ထားသူတွေ မဲပေးခွင့်ပြုဖို့ လွှတ်တော်ထံ သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့ခဲ့ရာမှာ လွှတ်တော်က ခွင့်ပြုဖို့ ပြန်လည်ပြင်ဆင်အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ရန်ကုန်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီက “ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေနဲ့ ပြည်နယ်တိုင်းလွှတ်တော် ရွေးကောက်ပွဲဥပဒေဆိုပြီး ဥပဒေ ၃ ခုရှိတယ်။ အဲ့ဒီဥပဒေ ၃ ခုစလုံးမှာ ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိတယ်။  ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေပြဋ္ဌာန်းလိုက်တဲ့အခါကျတော့ မဲပေးခွင့်ရှိတဲ့ထဲမှာ ၀ှိုက်ကတ်သမား ပါမလာတော့ဘူး။ အဲ့ဒီတော့ ဥပဒေနှစ်ခုက ဆန့်ကျင်သွားတာပေါ့ဗျာ။ ရှေ့ ပြဌာန်းတဲ့ဥပဒေနဲ့ နောက် ပြဋ္ဌာန်းတဲ့ ဥပဒေမညီဘူးပေါ့။ ဒါကို သမ္မတက ထောက်ပြတယ်၊ နောက် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ကြည့်ရင်လည်း ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူဆိုတာဟာ နောင် များမကြာမီ စိစစ်ပြီးရင် နိုင်ငံသားဖြစ်ဖို့ အလားအလာရှိသူတွေကို ပေးတာပါ။ နိုင်ငံခြားသားကို ပေးတာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ဒါ မှန်ကန်ပါတယ်၊ဒီတိုင်းပဲ လုပ်ရမှာပါ” လို့ ပြောပါတယ်။ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေမဲပေးခွင့်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ခဲ့တုန်းက ထောက်ခံသူ ၃၀၀ ကျော်၊ ကန့်ကွက်သူ ၇၀ ကျော်နဲ့ ကြားနေသူ ၁၀ ကျော် ရှိခဲ့ပါတယ်။ လွှတ်တော်တွင်းမဲမပေးမီ ဆွေးနွေးခဲ့ကြတုန်းက ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးခဲ့ကြပြီး၊ ၀ ကိုးကန်နဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ထောက်ခံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက် ပြည်ထောင်စုလွှတ်တော်တက်ခဲ့တဲ့ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အဲ့ဒီနေ့က ဥပဒေကြမ်းပူးပေါင်းကော်မတီတင်ပြချက်တွေ ပြောင်းပြန်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ “ဥပဒေကြမ်းပူးပေါင်းကော်မတီက သမ္မတရဲ့ သဘောထားမှတ်ချက်ကို ဆန့်ကျင်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားမှတ်ချက်အတိုင်းသာ အတည်ပြုပေးပါဆိုပြီးတော့ ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက တင်တယ်။ အဲ့ဒီမှာ တပ်မတော်ကိုယ်စားလှယ်၊ ဦးရွှေမောင်၊ ၀နဲ့ ကိုးကန့်ကိုယ်စားလှယ်တွေက သမ္မတ သဘောထားမှတ်ချက်ကို ထောက်ခံဆွေးနွေးကြတယ်။ ကျနော်တို့ ရခိုင်ပါတီကိုယ်စားလှယ် လေးယောက်ကတော့ ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်ချက်အတိုင်းပဲ ထောက်ခံပါတယ်လို့ ပြောတော့ သဘောက ဥပဒေကြမ်းပူးပေါင်းကော်မတီကလည်း ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်ချက်အတိုင်းပဲ တင်ပြခဲ့တာပါ။ ဒါပေမယ့် မဲမပေးမီ ရပ်နားချိန် မိနစ် ၃၀ ပေးပြီး ပြန်စတော့ ဥပဒေကြမ်းပူးပေါင်းကော်မတီက နဂိုတင်ပြထားတာနဲ့ ဆန့်ကျင်ဘက်လုပ်ပြီး သမ္မတ သဘောထားအကြံပြုမှတ်ချက်က ပိုပြီး ဆီလျော်မှန်ကန်ပါတယ်ဆိုပြီး ဦးစောလှထွန်းက ပြန်တင်ပြလိုက်ပါတယ်။ အဲ့ဒီပေါ် မူတည်ပြီး မဲခွဲ ဆုံးဖြတ်ခဲ့ကြတာပါ။” ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ ပါဝင်သူတွေကို အသိမပေးဘဲနဲ့ ကော်မတီရဲ့ သဘောထားလို့ ပြောဆိုတင်ပြချက်အပေါ် ကျောက်ဖြူကိုယ်စားလှယ် ဦးဘရှိန်က ကန့်ကွက်ခဲ့ပေမယ့် လွှတ်တော်နာယက က တစုံတရာမှတ်ချက်မပေးဘဲ မဲခွဲခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူးရဲ့ ဆန့်ကျင်ဘက် တင်ပြချက်တွေမှာ လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ဖိအား ပါဝင်တယ်လို့လည်း မြေပုံမြို့နယ် ကိုယ်စားလှယ် ဦးဖေသန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။ “ဦးစောလှထွန်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဦးရွှေမန်းရဲ့ သဘောတူညီချက်ကို မရဘဲနဲ့ အက္ခရာစာစဉ်ထားတဲ့ကိစ္စတခုလုံးကို ပြောင်းပြန်လှန်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဦးစောလှထွန်းရဲ့ တင်ပြချက်အပေါ်မှာလည်း နာယကကြီးက ဘာတခုမှ ဝေဖန်ခဲ့တာ မရှိဘူး။ အစည်းအဝေးစကတည်းက ပြည်ထောင်စုလွှတ်တော်သဘောထားမှတ်ချက်လို့ တင်ပြပြီးတော့ နားချိန် မိနစ် ၃၀ ပေးပြီးမှ ကော်မတီစည်းဝေး ထိုင်တာလည်း မဟုတ်ဘဲနဲ့ သူတဦးတည်းသဘောနဲ့ ပြင်တယ်လို့ မြင်တယ်။ ဒါကြောင့် ဒါဟာ နာယကကြီးရဲ့ ဖိအား ပါနေလိမ့်မယ်လို့ ယူဆပါတယ်။” ရခိုင်ပါတီကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄ ပါ နိုင်ငံတော်အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည် ဆိုတဲ့ ပြဋ္ဌာန်းချက်အတိုင်း နိုင်ငံသားမဟုတ်တဲ့သူတွေကို မဲပေးခွင့်မပေးဖို့နဲ့ ဘယ်နိုင်ငံမှာမှ အလားတူအခွင့်အရေးမပေးဘူးလို့ ဆုပ်ကိုင် ဆွေးနွေး ပြောဆိုနေကြတာ ဖြစ်ပါတယ်။ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း”ကို သမ္မတထံ ပြန်လည်ပေးပို့ပြီး သမ္မတက လက်မှတ်ထိုးထုတ်ပြန်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ယာယီသက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင်ထားသူပေါင်း ၁ သန်းခွဲလောက် ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024