ဖမ်းဆီးခံ ဂျော်ဒန် လေယာဉ်မှူးကို အိုင်အက်စ် မီးရှို့သတ်

2.3K
ဖမ်းဆီးထားတဲ့ ဂျော်ဒန် လေယာဉ်မှူးကို အစ္စလာမ်မစ်အမည်ခံနိုင်ငံတော် (အိုင်အက်စ်) က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်ပါတယ်။
လေယာဉ်မှူး မွတ်သ် အယ် ခါစီဗက်ကို မီးရှို့သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုဖိုင်ကို အင်တာနက်မှာ အိုင်အက်စ်တွေက ဖြန့်ဝေခဲ့ပြီးတဲ့နောက် ဂျော်ဒန်က အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
မီးတောက်တွေက လှောင်အိမ်ထဲမှာ မတ်တပ်ရပ်နေတဲ့ လူတဦးကို ၀ါးမြိုနေတာကို ဗွီဒီယိုထဲမှာ ပြသထားပြီး ဒါဟာ အစစ်ဟုတ်မဟုတ် အတည်ပြုနေပါတယ်။
၂၂ မိနစ်ကြာ ဒီရုပ်သံဖိုင်ကို အိုင်အက်စ်က ၀ါဒဖြန့်ချိတယ်လို့ သတ်မှတ်ထားတဲ့ တွစ်တာအကောင့်ကနေ ဖြန်ချိခဲ့တာ ဖြစ်ပါတယ်။
ဂျော်ဒန်ဘုရင်အဗ္ဗဒူလာကတော့ လေယာဉ်မှူးကို သူရဲကောင်းအဖြစ် ချီးကျူးပြောဆိုခဲ့ပြီး အခက်အခဲတွေကို ယှဉ်ဆိုင်ရာမှာ စည်းလုံးညီညွတ်ဖို့ ပြောဆိုခဲ့ပါတယ်။
ဒါအပြင် တိုင်းပြည်က သူသေဆုံးခဲ့မှုအတွက် အပြစ်ပေး ဂလဲ့စားချေဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
လေယာဉ်မှူးဟာ အိုင်အက်စ်စစ်သွေးကြွတွေကို ဗုံးကြဲတဲ့ စစ်ဆင်ရေးအတွင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဆီးရီးယားအရှေ့မြောက်ပိုင်းမှာ သူ့လေယာဉ်ပျက်ကျအပြီး အဖမ်းခံခဲ့ရတာပါ။
၂၀၀၅ ခုနှစ် ဂျော်ဒန်မြို့တော်မှာ အသေခံဗုံးကွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ အသေခံဗုံးခွဲရာမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးထားတဲ့ အီရတ် အမျိုးသမီး ဆာဂျီဒါ အယ်ရီရှားဝီ (Sajida al-Rishawi) နဲ့ လေယာဉ်မှူး အလဲအလှယ်လုပ်ဖို့ အိုင်အက်စ်က ကနဦးက ကမ်းလှမ်းခဲ့တာကို ဂျော်ဒန် အစိုးရက သဘောတူခဲ့ပေမယ့် လဲလှယ်ဖို့ အထမမြောက်ခဲ့ပါဘူး။