A d v e r t i s e m e n t With Us

မူးယစ်ဆေးဝါးမှုဖြင့် သြစတြေးလျနိုင်ငံသား ၂ ဦးကို အင်ဒိုအစိုးရ သေဒဏ်ပေးရန် နီးကပ်

အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ချခံထားရတဲ့ သြစတြေးလျနိုင်ငံသား ၂ ဦးဟာ နောက်ကွပ်မျက်ခံရမယ့် အသုတ်ထဲမှာ ပါဝင်တယ်လို့ အင်ဒိုနီးရှားရှေ့နေချုပ်က ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောဆိုပါတယ်။ သူတို့ ၂ ဦးရဲ့ရှေ့နေ က သူတို့ရဲ့အမှုကို ပြန်လည်စိစစ်ပေးဖို့ ဇန်န၀ါရီလ ၃၀ ရက်နေ့က တရားရုံးကို နောက်တကြိမ်လျှောက်ထားခဲ့ပါတယ်။ အင်ဒိုနီးရှားတရားဥပဒေအရ အမှုကို တကြိမ်ပဲ ပြန်လည်စိစစ်သုံးသပ်ခွင့် လျှောက်ထားနိုင်ပြီး ၂၀၁၀ ခုနှစ်က တကြိမ်လျှောက်ထားခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီပထမတကြိမ်လည်း ပယ်ချခံခဲ့ရပါ တယ်။ မူးယစ်ဆေးဝါးဟာ အင်ဒိုနီးရှားနိုင်ငံအတွက်ရော၊ ကမ္ဘာ့နိုင်ငံတွေအတွက်ပါ ရန်သူဖြစ်တယ်။ သူတို့ရဲ့သေဒဏ်အပေါ် ထောက်ခံတဲ့ သြစတြေးလျနိုင်ငံသား အများအပြားရှိတယ်ဆိုတာ ကိုလည်း သိရှိရတယ်လို့ ရှေ့နေချုပ်က သတင်းထောက်တွေကို ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၈ ရက်နေ့ မူးယစ်ဆေးဝါးမှုနဲ့ တရားခံ ၆ ဦးကို အင်ဒိုနီးရှားနိုင်ငံက ကွပ်မျက်ခဲ့ပြီး အဲ့ဒီထဲက ၅ ဦးဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။ ကွပ်မျက်ခံရသူတွေထဲမှာ ဘရာဇီးနဲ့ နယ်သာလန်နိုင်ငံသားတွေပါ ပါဝင်ခဲ့တာကြောင့် သူတို့နိုင်ငံတွေရဲ့ သံအမတ်တွေကို ပြန်ခေါ်ပြီး အင်ဒိုနီးရှားနိုင်ငံကို ကန့်ကွက်ခဲ့ကြပါတယ်။ သြစတြေးလျနိုင်ငံသား ၂ ဦးအပါအ၀င် ၉ ဦးပါဂိုဏ်းဟာ ၂၀၀၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံကနေ မူးယစ်ဆေးဝါး ခိုးထုတ်မှုနဲ့ ဘာလီမှာ ဖမ်းဆီးခံခဲ့ရတာပါ။ ကျန်သူတွေကတော့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခဲ့ကြပြီး သူတို့ ၂ ဦးကတော့ ၂၀၀၆ ဖေဖော်ဝါရီလမှာ သေဒဏ်ချမှတ်ခံရတာပါ။ သူတို့ကို ဘယ်အချိန်၊ ဘယ်နေရာမှာ ကွပ်မျက်မယ်ဆိုတာကတော့ ရှေ့နေချုပ်က မပြောဆိုပါဘူး။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့မူးယစ်ဆေးဝါးအတင်းကျပ်ဆုံး နိုင်ငံတွေထဲမှာပါဝင်ပြီး မူးယစ်မှုနဲ့ သေဒဏ်စီရင်မှုကို ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ အပြင်းအထန် ပြစ်တင်ဝေဖန်ခံရပါတယ်။ အရင်နှစ် အောက်တိုဘာလက တက်လာတဲ့ သမတ ၀ီဒိုဒိုကတော့ မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်လာရင် ဘယ်သူ့ကိုမှ ပြစ်ဒဏ်လျော့ပေါ့ခွင့်၊ စဉ်းစားပေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up