Home
မေးမြန်းခန်း
ဆွေးနွေးပွဲကို အစိုးရဖက်က တဖက်သတ် ရပ်ဆိုင်းတာဖြစ်တယ် - ဒေါက်တာသိန်းလွင်
DVB
·
February 3, 2015
Dr Thein Lwinအမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းကျမှ ပြန်လည်စတင်ဖို့ အစိုးရဘက်က ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒီကနေ့ နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီနဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ကိုယ်စားလှယ်တွေ ရောက်ရှိကြပေမယ့် အစည်းအဝေးအစီအစဉ် အကျပ်အတည်းတခုအပေါ် တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ အစိုးရသဘောအရ ရွှေ့ဆိုင်းခဲ့တာပါ။ အစိုးရ ထုတ်ပြန်ချက်မှာ မလိုလားအပ်တဲ့အကျပ်အတည်းတွေကို ရှောင်ရှားနိုင်ဖို့အတွက် ရွှေ့ ဆိုင်းရေးဆုံးဖြတ်တာလို့ ဆိုပါတယ်။ NNER အဖွဲ့ ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဒေါက်တာသိန်းလွင်ခင်ဗျာ။ နေပြည်တော်ဆွေးနွေးပွဲက ရက်ရွေှ့ဆိုင်းတယ်လို့ သိရပါတယ်။ ဘယ်ရက်ကို ဘာကြောင့် ရွှေ့ဆိုင်းလိုက်ကြတာလဲခင်ဗျ။ ဒီနေ့ တနေ့လုံး ပညာရေးဝန်ကြီးဌာန ၀င်ဖို့မှာတင် ကျနော်တို့ အခက်အခဲဖြစ်တယ်။ ဒီနေ့ တမနက်လုံးမှာပေါ့။ တမနက်လုံးမှာ ကျနော်တို့ ဂိတ်ဝကို ရောက်တယ်၊ ကျနော်တို့ကို ပေးမ၀င်ဘူး။ ကျနော်တို့ ကားပေါ်မှာ ပါလာတဲ့ ကျောင်းသားတွေ၊ NNER ကလူတွေ၊ ကျနော်တို့ကို ကူညီတဲ့သူတွေ ကျနော်တို့ရဲ့ မှတ်တမ်းမှတ်ရာ ကူတဲ့သူတွေ အဲဒီသူတွေကို ကားပေါ်ကနေ ဆင်းခိုင်းတယ်။ ဂိတ်ကနေ မ၀င်ရဘူးပြောတယ်။ အဲဒီမှာတင် ကျနော်တို့က ဒါ ကျနော်တို့ကို ကူတဲ့သူတွေ ၀င်ဖို့လိုတယ်၊ ‘သတင်းမီဒီယာတွေ ၀င်ဖို့လိုတယ်’ အဲဒီ ကျနော်တို့ တင်ပြတဲ့အပေါ်မှာ သူတို့က လက်မခံဘဲနဲ့ ကျနော်တို့ အကြိမ်ကြိမ်ပေါ့ အကြိမ်ကြိမ်စကားပြောရင်းနဲ့ အချိန်တွေ ကြာပြီးတော့ နောက်ဆုံးမှာ ကျနော်တို့ကို ခေါ်ပြီးတော့၊ ကျနော်တို့ဆီက ကိုယ်စားလှယ်တွေ ခေါ်ပြီးတော့ ဆွေးနွေးပွဲကို ရပ်နားတဲ့အကြောင်း၊ ပြည်ထောင်စုနေ့ကျော်မှ၊ ဖေဖော်ဝါရီ ၁၂ ရက်ကျော်မှ ဆွေးနွေးနိုင်မယ့်အကြောင်း အဲဒီလိုပဲပြောတယ်။ ပြောတော့ အကြောင်းပြချက်က ဘာမှ ခိုင်ခိုင်မာမာမပေးဘူး။ မပေးဘဲနဲ့ ဆွေးနွေးပွဲကို ရပ်ဆိုင်းတယ်ပဲ ပြောလိုက်တယ်။ ဆွေးနွေးပွဲရပ်ဆိုင်းတာက အစိုးရဖက်က တဖက်သတ် ရပ်ဆိုင်းတာဖြစ်တယ်။ အစိုးရကနေ လက်ခံပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာလည်း ၁ ရက်နေ့က ဆွေးနွေးခဲ့ကြတယ်။ ကျောင်းသားနဲ့ NNER ကိုယ်စားလှယ်တွေညက တည်းခိုခန်းမှာ မအိမ်ရဘဲ လမ်းဘေးကားပေါ်မှာ အိပ်ကြရတယ်လို့ ကြားပါတယ်။ မနေ့ညကတည်းကပေါ့ ဒီဆွေးနွေးပွဲတက်ဖို့အတွက် မနေ့ညက ကျနော်တို့ NNER အဖွဲ့ဝင်တွေရော၊ ဒီမိုကရေစီပညာရေးဦးဆောင်လှုပ်ရှားမှုကော်မတီက လေးပွင့်ဆိုင်ဆွေးနွေးပွဲတက်တဲ့ ကျောင်းသားတွေရော ကျနော်တို့ အများကြီး အခက်အခဲဖြစ်ရတယ်။ ကျနော်တို့ ရန်ကုန်ကနေ ဘတ်စ်ကားနဲ့လာတဲ့အခါကျတော့ ကျနော်တို့ တည်းခိုဖို့ စည်ပင်ရိပ်သာမှာ အခက်ခဲကြုံရတယ်။ ကျနော်တို့ ပထမ နေပြည်တော်မှာ ဆွေးနွေးပွဲလုပ်မယ်ပြောတုန်းက စည်ပင်ရိပ်သာမှာ တည်းခိုဖို့ စီစဉ်ပေးမယ်ပြောတယ်၊ ကျနော်တို့လာခဲ့အခါကျတော့ စည်ပင်ရိပ်သာကို ကျနော်တို့ ၀င်လို့မရဘူး။ မရဘဲနဲ့ ၀န်ကြီးက ကျနော်တို့အဖွဲ့ကို တည်းခွင့်မပြုဘူးလို့ပြောထားတယ်ဆိုပြီးတော့ အဲဒီမှာ တာဝန်ရှိတဲ့ ၀န်ထမ်းတွေက၊ အမှုထမ်းတွေက ကျနော်တို့ကို ပြောလိုက်တယ်။ ဒါက ကားမှာပါလို့ ကြုံရတဲ့သူတွေ။ နောက် ကျနော်တို့အရင် ရောက်လာတဲ့ မန်းတလေးကလာတဲ့ ဆရာမကြီးတဦးဆိုရင် ကျနော်တို့ NNER အဖွဲ့ဝင်ပဲ။ သူက ကျနော်တို့ထက် စောရောက်တယ်။ သူ့ကိုလည်း အလားတူပဲ ၀င်လို့မရဘူးဆိုပြီး စစ်ဆေးတာ၊ ခြိမ်းခြောက်တာတွေ လုပ်တယ်။ သူလည်း တော်တော်ခံရတယ်။ အဲဒီထက်ဆိုးတာက ကျနော်တို့ NNER အဖွဲ့ဝင် ရန်ကုန်မျက်မမြင်ကျောင်းက ဆရာကြီးဦးသိန်းလွင် သူ့ရဲ့ကျောင်းကို၊ ခ၀ဲခြံမှာရှိတဲ့ သူ့ရဲ့ကျောင်းကို မနေ့ညတုန်းက အုပ်ချုပ်ရေးဘက်ကလူတွေပေါ့ လာပြီးတော့ ရှာဖွေ စစ်ဆေးတာတွေ လုပ်တယ်။ ဆရာကြီးကို ခြိမ်းခြောက်တဲ့သဘောပဲ။ အဲဒီလိုမျိုး စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တယ် ကျနော်တို့ NNER အဖွဲ့ဝင်တွေခံရတယ်၊ ကျောင်းသားတွေခံရတယ်။ မနေ့ညကဆို သန်းခေါင်ကျော် ရန်ကုန်က ညနေထွက်လာတော့ သန်းခေါင်ကျော်မှ နေပြည်တော်ကို ရောက်တယ်။ ဒီရောက်တဲ့အခါကျတော့ တည်းစရာ ခိုစရာမရှိဘူး။ ကျောင်းသားတွေဆိုရင် ဒါ ဘတ်စကားပေါ်တင် အိပ်ရတယ်။ သူတို့ အရမ်ကို ပင်ပန်းဆင်းရဲပါတယ်။ ပြီးတော့ ဆွေးနွေးပွဲလုပ်ဖို့အတွက် (၉) နာရီ အမီ လာတဲ့အခါကျတော့လည်း ကျနော်တို့ ၀င်ခွင့်မရဘူး။ နေ့လည်ရောက်တဲ့အထိ ၀င်ခွင့်မရဘဲနဲ့ နောက်ဆုံးမှာ ဆွေးနွေးပွဲဖျက်သိမ်းတယ်ဆိုပြီးတော့ ကျနော်တို့ကို အဲလို လာပြောတယ်။ အဲဒီလိုနဲ့ ဆွေးနွေးပွဲဟာ ရပ်ဆိုင်းသွားတယ်။ ကျနော်တို့က ဆွေးနွေးပွဲဖြစ်စေချင်တယ်။ ဆွေးနွေးညှိနှိုင်းပြီးတော့ ကျနော်တို့ အဖြေရှာချင်တယ်။ အဲဒီအတွက် ကျနော်တို့ ရည်ရွယ်တယ်။ ဒါပေမယ့် အစိုးရဘက်က တဖက်သတ်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့ ဆရာတို့ဘက်က ၁၅ ဦးထက် ပိုမိုခေါ်လို့ ဒီအကျပ်အတည်းဖြစ်ရတယ်ဆိုတဲ့ သုံးသပ်ရေးသားချက်တွေအပေါ် လက်တွေ့အခြေအနေကို ပြောပြပါ။ ဒီလိုဗျ။ အစိုးရဘက်မှာလည်း စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့ ရုံးအဖွဲ့ပေါ့ ကူညီမယ့်သူတွေရှိသလို ကျနော်တို့ NNER မှာလည်း စာရွက်စာတမ်းပြင်ဆင်ဖို့၊ လက်နှိပ်စက်ရိုက်ဖို့၊ မှတ်တမ်းတင်ဖို့ အဲဒီလို လူတွေရှိတယ်။ အဲဒါတွေကို လိုက်ပါဖို့ ကျနော်တို့ကပြောတော့ ပထမ သူတို့က မင၀င်ရဘူး ပြောတယ်။ ကျနော်တို့ဖြစ်စေချင်တာက ဒီဆွေးနွေးပွဲက အစိုးရဘက်ကလည်း ကူညီမယ့်သူတွေ ပါတယ်။ MPC (မြန်မာငြိမ်းချမ်းရေးစင်တာ) ဆိုရင်ဗျာ ဒါ Myanmar Peace Center ဆိုရင် သူတို့လည်း ဆွေးနွေးပွဲမှာ လေးပွင့်ဆိုင်မှာ မပါပါဘူး။ သူတို့လည်း အခု ပညာရေးဝန်ကြီးဌာနမှာ သူတို့ ရောက်နေတယ်။ စိန်ရတု ခန်းမ ဆွေးနွေးပွဲတုန်းကလည်း သူတို့ ရှိနေတာပဲ။ စိန်ရတု ဆွေးနွေးပွဲဆိုရင် မီဒီယာတွေ ရှိတယ်။ ဘေးက စိတ်ဝင်စားလို့လာရောက်နားထောင်သူတွေလည်း ၀င်လို့ရတယ်။ ဆိုတော့ အဲဒီလိုမျိုး ဖြစ်စေချင်တာပေါ့။ ဘာဖြစ်လို့ ကျနော်တို့ကို ကန့်သတ်တာလဲဆိုတဲ့အပေါ်မှာ မေးခွန်းထုတ်တာပေါ့။ ဆရာခုနပြောသွားတဲ့ အစိုးရဘက် တဖက်သတ်ရပ်ဆိုင်းတယ်ဆိုတာ ဘယ်အထောက်အထားနဲ့ ပြောတာလဲ။ ညှိပြီးတော့ ဆုံးဖြတ်တာ မဟုတ်ဘူးလား။ မဟုတ်ဘူး။ ကျနော်တို့ ညှိပြီးတော့ ဆုံးဖြတ်တာမဟုတ်ဘူး။ အားလုံးလေးပွင့်တိုင်ပင်ပြီးတော့ ဆွေးနွေးပွဲကို ရွှေ့ဆိုင်းမယ်၊ ဘယ်နေ့လုပ်မယ် လို့ တိုင်ပင်ပြီးလုပ်တာမဟုတ်ဘူး။ ဦးအောင်မင်း (၀န်ကြီး) ကနေပြီးတော့ ကျနော်တို့ NNER ကိုယ်စားလှယ် ၃ ယောက်၊ ကျောင်းသားတွေဘက်က ကိုယ်စားလှယ် ၃ ယောက်ခေါ်တော့ သူတို့ ဒီဆွေးနွေးပွဲကို ရပ်ဆိုင်းတယ်ဆိုပြီးတော့ တဖက်သတ် ကြေညာသွားတာပါ။ ဖေဖော်ဝါရီ ၁၂ ရက်နေ့နောက်ပိုင်းကို ရွှေ့ဆိုင်းတယ်ဆိုတော့ ဘယ်ရက်ဆိုတာ မပါတဲ့အတွက် အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းတဲ့သဘောလား။ ပြောလို့ရတယ်၊ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တာ။ မနေ့က ၀န်ကြီးတယောက်က တားတယ်ဆိုတော့ အဲဒီဝန်ကြီးက ဘယ်သူလဲ။ အဲဒီဝန်ကြီးကို အရေးယူဖို့ ဘယ်လို တိုင်တန်းထားလဲ။ တိုင်တန်းခြင်းမပြုရသေးပါဘူး။ ကျနော်တို့ အဲဒီ စည်ပင်ရိပ်သာက ၀န်ထမ်းက ဘာဖြစ်လို့ ပေးမ၀င်လဲလို့ ကျနော်တို့ ကမေးတဲ့အခါကျတော့ ၀န်ကြီးက ကျနော်တို့အဖွဲ့ကို လက်မခံရဘူးလို့ မှာထားတယ်လို့ ပြောပါတယ်။ သူပြောတဲ့ဝန်ကြီး နာမည်ကိုတော့ ကျနော်တို့ မသိပါဘူး။ ကျောင်းသားတွေကလည်း ရန်ကုန်ကို သပိတ်စစ်ကြောင်းတွေ ချီတက်မယ်ဆိုတော့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဆွေးနွေးပွဲက အစကောင်းပြီးတော့ ချက်ခြင်းဗြုန်းစားကြီး အခုလို ဖြစ်သွားတာ ဘယ်လိုသုံးသပ်မိသလဲ။ ကျနော်တို့လည်း မမျှော်လင့်ဘဲဖြစ်တယ်။ ဆွေးနွေးပွဲကိုဖြစ်စေချင်တယ်။ ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာချင်တယ်။ ကျနော်မှန်းဆတာတော့ စိန်ရတုမှာလုပ်တဲ့ပွဲမှာ တကယ်အစစ်အမှန်ဆွေးနွေးတာ မဟုတ်ဘဲနဲ့ နှစ်သိမ့်မယ့်သဘောလို့ ကျနော်တို့မြင်တယ်။ ဒါပေမယ့် ကျောင်းသားတွေက စိန်ရတု ဆွေးနွေးပွဲမှာ ဆွေးနွေးပွဲရဲ့ စည်းကမ်းချက်တွေ၊ မူဘောင်တွေ ၉ ချက်တင်ပြလိုက်တဲ့အခါကျတော့ အဲဒီ ၉ ချက်ထဲက တော်တော်များများကို သူတို့ သဘောတူလိုက်တယ်။ သဘောတူလိုက်ပြီးတော့မှ ကျနော်တို့ အဲဒီသဘောတူချက်အတိုင်း ဆက်ဆွေးနွေးပေးပေါ့။ ကျန်တဲ့အချက်တွေလည်း ထပ်ပြီးတော့ ညှိနှိုင်းဆွေးနွေး သွားမယ်။ သဘောတူညီချက်ရပြီဆိုရင် တောင်းဆိုချက် ၁၁ ချက်ကို ဆွေးနွေးမယ်ဆိုပြီးတော့ စိန်ရတုတုန်းက ပြောခဲ့တယ်။ ဒါပေမယ့် သူတို့ဖက်က အခု ဖျက်တယ်ဆိုတော့ အဲဒီသဘောတူချက်တွေကို သဘောတူပြီးမှ သူတို့ဖက်က လက်မခံတဲ့သဘော သက်ရောက်စေတယ်လို့ ကျနော်ယူဆတယ်။ စိန်ရတုဆွေးနွေးပွဲရဲ့ ကြိုတင်စည်းမျဉ်းသဘောတူညီချက်အပိုဒ် (ဂ) မှာ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အဖွဲ့လေးဖွဲ့စလုံးဟာ ညီတူညီမျှ တန်းတူအခွင့်အရေးရှိရမည်လို့ သဘောတူခဲု့ကြတယ်။ ဒီနေ့လည်းကျရော အစိုးရနည်းတူ ခေါ်လာတဲ့ကိုယ်စားလှယ်တွေ ၀င်မရဘူး။ ဒီအပေါ် ထင်မြင်ချက်ပြောပြပါ။ ဟုတ်ကဲ့။ ဆွေးနွေးပွဲနဲ့ပ့တ်သက်လို့ ပါဝင်တဲ့ လေးဖွဲ့စလုံးက သဘောတူရမယ် ဆုံးဖြတ်တဲ့ကိစ္စတွေက။ လေးဖွဲ့လုံးသဘောတူပါမယ်လို့ စိန်ရတုဆွေးနွေးပွဲအစမှာ ဒါ သဘောတူပြီးသားပဲ။ အခု ဆွေးနွေးပွဲ ရွှေ့ဆိုင်းတယ်ဆိုရင်လည်း ၄ ဖွဲ့စလုံးက ပါဝင်ပြီးတော့ ညှိနှိုင်းပြီးတော့ ရွှေ့ဆိုင်းတာမျိုးဖြစ်ရမယ်။ အခုတော့ ကျနော်တို့ NNER ပါဝင်ခွင့်မရဘူး။ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ခွင့်မရဘဲနဲ့ အစိုးရဘက်က တဖက်သတ် ရွှေ့ဆိုင်းတာဖြစ်တယ်လို့ ပြောနိုင်တယ်ခင်ဗျ။ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အွန်လိုင်းစာမျက်နှာမှာ ‘အစည်းအဝေးတွင် ကျောင်းသားများ ရောက်ရှိမလာ၍ ယခုအချိန်ထိ အစည်းအဝေး မစတင်နိုင်ဘဲ စောင့်ဆိုင်းနေရ’ ဆိုတဲ့ သတင်းဓာတ်ပုံနှစ်ပုံတင်ထားပါတယ်။ အဲဒီအပေါ် ဆရာတို့ တုံ့ပြန်မှုရှိမလား။ ဒါ မဟုတ်ပါဘူးခင်ဗျ။ မဟုတ်ပါဘူး။ ကျနော်တို့က ဆွေးနွေးဖို့အတွက် အပြင်မှာ စောင့်နေတယ်။ လူကြီးတွေလည်း ပါတယ်လေ။ ကျနော်တို့ ဂိတ်ကနေ ဖြတ်လို့မရဘူး။ ဒီကိစ္စက။ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးဆိုင်ရာ ဖြစ်ထွန်းနေမှု အစုစုအပေါ် ဆရာ့ မှတ်ချက်စကား။ ပြောချင်တာကတော့ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ကျနော်တို့ ဖြစ်စေချင်တယ်။ တွေ့ဆုံဆွေးနွေးမှုကနေပြီးတော့ ညှိနှိုင်းအဖြေရှာချင်တယ်။ ဒီလိုညှိနှိုင်းအဖြေရှာမှ ကျနော်တို့ ပြသနာတွေ ပြေလည်မှု ရမယ်၊ ကျောင်းသားတွေလိုလားတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို ဒီလိုတွေ့ဆုံညှိနှိုင်းပြီးဆောင်ရွက်တာ အကောင်းဆုံးလို့မြင်တယ်။ ဒါကြောင့် တွေ့ဆုံညှိနှိုင်းမှု အမြန်ဆုံး ဖြစ်စေချင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024