နိုင်ငံခြားရောက် ဂျပန်ပြည်သူများ ဘေးကင်းရေး လုပ်ဆောင်မည်ဟု ၀န်ကြီးချုပ် ပြော

872
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေက နိုင်ငံခြားရောက် ဂျပန်ပြည်သူတွေ ဘေးကင်းရေး သေချာစေဖို့ ခိုင်မြဲတဲ့ အုတ်မြစ်တွေ တည်ဆောက်ရေး နိုင်ငံတကာ လူ့အဖွဲ့အစည်းနဲ့ နီးနီးကပ်ကပ် လုပ်ဆောင် သွားမယ်လို့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောပါတယ်။
ဒီနည်းဟာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်မယ့် တခုတည်းသောနည်းပဲ။ အကြမ်းဖက်မှုကို နှိမ်နင်းရေး နိုင်ငံတကာ လူ့အဖွဲ့အစည်းနဲ့ အလုပ်တွဲလုပ်ဖို့ နည်းလမ်းတွေကိုလည်း ရှာဖွေသွားမယ်လို့ ပြောပါတယ်။
အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ဒုတိယမြောက် ဂျပန်ဓားစာခံ သတင်းထောက် ခန်းဂျိငိုတို ကို ခေါင်းဖြတ်ခဲ့ပြီလို့ ပြောအပြီး နောက်နေ့မှာ ခုလို မှတ်ချက်ပြု ပြောဆိုလိုက်တာပါ။ အကျဉ်းသားလဲလှယ်ရေး ကနေတဆင့် ဂျပန်သတင်းထောက် လွတ်မြောက်ရေး နိုင်ငံတကာ အားထုတ်မှုတွေ မအောင်မြင်ဖြစ်ခဲ့တာပါ။
ဂျပန်ဝန်ကြီးချုပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအနေနဲ့ ဂျပန်ဟာ ကိုယ့်တာဝန်ကို ကျေပွန်အောင် ခိုင်ခိုင်မြဲမြဲ ဖြည့်ဆည်းဖို့ ကတိပြုခဲ့ပြီးပြီလို့လည်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။