A d v e r t i s e m e n t With Us

အမျိုးသမီးအကြမ်းဖက်မှုကာကွယ်ရေးဥပဒေ အမြန်ရေးဆွဲရန်လွှတ်တော်တိုက်တွန်း

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်းရေးအတွက် အမျိုးသမီးများအား အကြမ်း ဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေတရပ်ကို အမြန်ဆုံးရေးဆွဲ အကောင် အထည်ဖော်ဖို့ ဒီကနေ့ ပြည်ထောင်စုလွတ်တော်မှာ အဆိုတင် ဆွေးနွေးပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေတစ်ရပ်ကို အလျင်အမြန် ရေးဆွဲပေးနိုင်ရေး ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့တာဖြစ်ပေမယ့် ဒီကနေ့မှ လွှတ်တော်က ဆွေးနွေး အဆုံးအဖြတ်ရယူနိုင်ခဲ့တာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာက ပြောပါတယ်။ Parliment start 19012015(1“ဒီနေ့ ဆွေးနွေးတယ်။ လွှတ်တော်မှာ အဆုံးအဖြတ်ခံယူထားတာပေါ့။ တဖက်က ပြည်ထောင်စု ဒုဝန်ကြီးက ပြည်ထဲရေးက လာဖြေတယ်။ ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ ကာကွယ်စောင့်ရှောက်ရေးဥပဒေဟာ ရေးဆွဲနေပါတယ်။ အခန်းလည်း ၁၀ခန်း ကျော်ပြီး နေပါပြီတဲ့။ ဒါလေးကို မှတ်တမ်းတင်မယ်လို့ ပြောတယ်။ ပြည့်သူ့လွှတ်တော် ဥက္ကဋ္ဌကတခါ သဘောထားပြန်ပေးပြီးတော့ ဒါလေးကို မှတ်တမ်းတင်တာ မဟုတ်ဘဲနဲ့ လွှတ်တော်ထဲ အလျင်အမြန်ရောက်လာဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းချင်တယ်။ အဲဒီအတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူပါ့မယ်လို့ပြောတယ်။ အဲဒါ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆုံးအဖြတ်ကို ခံယူပြီးတော့ ခလုပ်နှိပ်တာပေါ့။ အဆိုအောင်မြင်သွားတယ်။ ”လို့သူက ပြောပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဟာ ဆင်းရဲမွဲတေမှု လျောချရေးအတွက် အခြေခံကျတဲ့ အတားအဆီးတခုဖြစ်စေပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုတွေကိုလည်း ပျက်ပြားစေ တယ်လို့လည်း ဒေါ်နန်းစေးအွာက ပြောပါတယ်။ “ဒီအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုတွေကြောင့် အမျိုးသမီးတွေအတွက် မလိုလားအပ်တဲ ကိုယ်ဝန်တွေ၊ ကူးစက်ရောဂါတွေ ရရှိစေတယ်။ ပြီးတော့ စိတ်ရောဂါပါ ခံစားစေတာပေါ့နော်။ လူနေမှုပတ်ဝန်းကျင်အသိုင်းအ၀န်းရဲ့ ရှောင်ဖယ်ခြင်းကိုလည်းခံရတယ်။ ပြီးတော့ တဖက်က ဆင်းရဲမှုကို လျော့ချရေးဆိုတဲ့ အခြေခံကျတဲ့အတားအဆီးတခုကိုလည်း ဖြစ်စေတယ်။ နောက်ပြီးတော့ ဒီလိင်အကြမ်းဖက်မှုတွေကြောင့် ကျမတို့ရဲ့ ငြိမ်းချမ်းရေးကိုလည်း ပျက်ပြားစေတာပေါ့နော်။ တနည်းအားဖြင့် ငြိမ်းချမ်းရေးကို ထိခိုက်တာပေါ့။ ဒါ့ကြောင့် အမျိုးသမီးတွေ ဘ၀လုံခြုံဖို့အတွက် ပဋိပက္ခကိုလျော့ချဖို့ ဥပဒေတရပ်ကို အလျင်အမြန် ဆောင်ရွက်စေချင်တာ”လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်သွားဖို့နဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ဖို့ ဥပဒေတစ်ရပ် အမြန်ဆုံးရေးဆွဲပြဌာန်းဖို့ မြန်မာအမျိုးသမီး အဖွဲ့အစည်းတွေက တစိုက်မတ်မတ် တောင်းဆိုနေတာပါ။ မြန်မာနိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုတွေအပါအ၀င် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုသတင်းတွေ မကြာခဏ ထွက်ပေါ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၉ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ စေတနာ့ဝန်ထမ်း ဆရာမ ကချင်အမျိုးသမီးငယ် ၂ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up