Home
မြန်မာသတင်း
ကျောက်စုပ်လုပ်ငန်းများကြောင့် မိုးညိုတွင် ရွာလုံးကျွတ်ပြောင်းနေရ
DVB
·
February 2, 2015
ဧရာဝတီမြစ်ထဲက ကျောက်စုပ်မော်တော်တွေကြောင့် ကမ်းပါးပြိုပြီး ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ ရွာလုံးကျွတ် ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အခုဆိုရင် ကမ်းပါးက ရွာနဲ့ လက်လံ ၂၀ လောက်ပဲ ကျန်တော့တယ်။ ရွာက ပြောင်းရတာ ၃ ကြိမ်ရှိနေပြီ။ ဒီနှစ်လည်း မသေချာဘူး’’ လို့ အင်းတော်တလုပ် ကျေးရွာ အုပ်စု ၊လေးလံ ကျေးရွာက ကိုအောင်မိုးလွင်က ပြောပါတယ်။ အင်းတော်တလုပ် ကျေးရွာ အုပ်စု ထဲမှာ ပိုးသာကုန်း၊ စစ်ကုန်း၊ ရှစ်လံ၊ လေးလံ ရွာတွေပါဝင်ပြီး ကမ်းပြိုတဲ့ ဒဏ်ကို လေးလံနဲ့ ပိုးသာကုန်းက အဆိုးဆုံး ခံနေရတာပါ။ ၁၉၉၆ ခုနှစ်က စပြောင်းခဲ့ရတာဖြစ်ပြီး ကျောက်စုပ်လုပ်ငန်းတွေကြောင့် ဒီလို ကမ်းပြိုခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတွေကို တင်ပြခဲ့လို့ ရပ်နားခဲ့ပေမယ့် နောက်ပိုင်းမှာ တရားဝင် အကွက်တွေချပေးခဲ့တယ်လို့လည်း သူတို့က ပြောပါတယ်။ “အခုဆိုရင် ကျောက်ဒိုင် ၆ ခုက စက်လှေ အစီး ၅၀ လောက်နဲ့ ကမ်းနားမှာ နေ့၊ ည စုပ်နေကြတာ။ သူတို့လုပ်ကွက်က ကမ်းနား မပါဘူး။ တနေ့ကတော့ ညဘက်မှာ အဲလို စုပ်နေလို့ မြို့နယ်ကို ဖုန်းဆက်တော့ ရဲလွှတ်ပေးတယ်။ ရဲတွေမလာခင်မှာပဲ စက်လှေတစ်စီးက မီးနဲ့ အချက်ပြတော့ အားလုံး ထွက်သွားကြရော။ တစ်စီးပဲ မိတယ်’’ လို့ ဒေသခံ ကိုမြင့်ဇော်ဦးက ပြောပါတယ်။ အကြောင်းစုံ သိရဖို့ အင်းတော်တလုပ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကို ဆက်သွယ် ခဲ့ပေမယ့် မရခဲ့ပါဘူး။ မိုးညိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကတဆင့် အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်မြင့်ကို ဒီဗွီဘီက ဆက်သွယ်ပေမယ့်လည်း မရခဲ့ဘူး။ [gallery ids="79800,79801,79802,79803,79804"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024