အာဏာခွဲဝေရေးအတွက် တောင်ဆူဒန်သမ္မတနှင့် သူပုန်ခေါင်းဆောင်တို့ သဘောတူ

1.5K
အာဖရိကရဲ့ နောက်ဆုံးနိုင်ငံသစ်ဖြစ်တဲ့ တောင်ဆူဒန်နိုင်ငံမှာ ၁၅ လကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ကြိုးစားမှုအနေနဲ့ အစိုးရနဲ့ သူပုန်တို့ အပစ်အခတ်ရပ်စဲရေး ထပ်မံလက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က အီသီယိုးပီးယားနိုင်ငံ အဒစ်အဘာဘာမြို့မှာ အာဖရိက ထိပ်သီး အစည်းအဝေး တက်ရောက်ရင်း သမ္မတ ဆဗာကီးယား နဲ့ သူပုန်ခေါင်းဆောင် မာချာ (Machar)တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
ခေါင်းဆောင် ၂ ဦး အစိုးရအတွင်း အာဏာခွဲဝေရေးကိစ္စတွေကိုတော့ ဆက်လက်ဆွေးနွေး သွားမှာ ဖြစ်ပြီး လာမယ့် မတ် ၅ ရက်မှာ အပြီးသတ်သဘောတူညီမှုရဖို့ သဘောတူထားကြပါတယ်။
နောက်ဖွဲ့မယ့် တောင်ဆူဒန်အစိုးရသစ်မှာ လက်ရှိသမ္မတ ဆဗာကီးယားက သမ္မတအာဏာကို ဆက်ယူထားဖို့နဲ့ သူပုန်ခေါင်းဆောင် မာချာကတော့ ဒုသမ္မတတာဝန်ကို လက်ခံဖို့ ကမ်းလှမ်းထားတယ်လို့ စေ့စပ်ဆွေးနွေးရေးသံတမန်တွေက ရိုက်တာသတင်းဌာနကို ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လက ဒုသမ္မတနဲ့ အစိုးရတဖွဲ့လုံးကို အာဏာသိမ်းဖို့ ကြိုးစားမှု စွဲချက်နဲ့ သမ္မတ ဆဗာကီးယား က ဖြုတ်ပစ်ခဲ့တာကစလို့ ပြည်တွင်းစစ် စတင်ခဲ့တာပါ။
ဒုသမ္မတ မာချာကလည်း သူပုန်တပ်ဖွဲ့တွေကို ဦးဆောင်တိုက်ခိုက်ခဲ့ပြီး သမ္မတ ၂ ဦးရဲ့ လူမျိုးစု ၂ ခုကြား ကိုယ်စားပြုတဲ့တိုက်ပွဲတွေ ဖြစ်လာခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း လူ ၁ သောင်းကျော် သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြပြီး ဒေသခံ ၁ သန်းခွဲဟာလည်း နေရပ်စွန့်ခွာခဲ့ကြရပါတယ်။
၂၀၁၄ ခုနှစ် ဇန်န၀ါရီလတုန်းကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ကြပေမယ့် နှစ်ဖက်စလုံးက လိုက်နာခဲ့ခြင်း မရှိခဲ့ပါဘူး။
လက်ရှိသမ္မတ ဆဗာကီးယားဟာ ၂၀၁၁ ခုနှစ်က ဆူဒန်နိုင်ငံကနေ တောင်ဆူဒန်နိုင်ငံ လွတ်လပ်ရေးရရှိချိန်ကတည်းက တောင်ဆူဒန်သမ္မတ ဖြစ်လာခဲ့တာပါ။