
ယူကရိန်းအစိုးရနဲ့ သူပုန်တွေကြား အပစ်အခတ်ရပ်စွဲရေး ပျက်ပြားခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီိ ၁ ရက်နေ့က ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး စစ်သားနဲ့ အရပ်သား အနည်းဆုံး ၁၉ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ဖော်ပြောဆိုပါတယ်။
၂၄ နာရီအတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့တာကြောင့် ၂ ရက်အတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၂၈ ဦး သေဆုံးခဲ့တယ်လို့လည်း အေပီသတင်းက ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က ဒေါ့စ်ညှက်ဒေသနဲ့ လူးဟန်စ့်ဒေသအတွင်း အစိုးရထိန်းချုပ်တဲ့ မြို့ငယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အရပ်သား ၆ ဦးလည်း သေဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့က ဘီလာရုစ်နိုင်ငံမှာ ဥရောပစောင့်ကြည့်ရေးအဖွဲ့က ကမကထ ပြုလုပ်ပြီး နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဘာမှမယ်မယ်ရရ မဆွေးနွေးနိုင်ပဲ ပြီးဆုံးခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးနဲ့ တပ်တွေပြန်ဆုတ်ရေးတို့ ဆွေးနွေးဖို့နေနေသာသာ ယူကရိန်းအရှေ့ပိုင်းမှာ စစ်မျက်နှာသစ်တွေတာင် ဖွင့်ခဲ့ကြပါတယ်။
သူပုန်ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေးစကားပြောဖို့တောင် ဘာတခုမှ ပြင်ဆင်လာတာ မရှိပဲ ပြီးခဲ့တဲ့စက်တင်ဘာလက ရုရှားနိုင်ငံကပါ ထောက်ခံခဲ့တဲ့ အပစ်အခတ်ရပ်စဲရေစာချုပ်ကို ပြင်ဆင်ဖို့ပဲ တောင်းဆိုနေတယ်လို့ ဥရောပစောင့်ကြည့်ရေးအဖွဲ့ ကိုယ်စားလှယ်တွေက ပြောဆိုပါတယ်။