A d v e r t i s e m e n t With Us

အိုင်အက်စ်များနှင့် တိုက်ပွဲဟာ တတိယကမ္ဘာ့စစ်လိုဖြစ်ဟု အီရတ်ဝန်ကြီး ပြော

အီရတ်နိုင်ငံခြားရေးဝန်ကြီး အီဘရာဟင် အယ်လ် ဂျဖာရီက အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေနဲ့ တိုက်ပွဲဟာ တတိယကမ္ဘာ့စစ်လိုပဲလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ခိုင်းနှိုင်း ပြောဆိုလိုက်ပါတယ်။ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စီဘတ်စယံ ကာ့ဇ်ကတော့ အိုင်အက်စ်တွေနဲ့ တိုက်ပွဲမှာ ဘာသာတရားအားလုံး စုစည်းညီညွတ်ခဲ့တယ်လို့ အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်က ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အီရတ်နိုင်ငံခြားရေးဝန်ကြီးကတော့ “ကမ္ဘာ့မြို့ကြီးတွေ အားလုံး၊ စီးပွားရေးဈေးတွေ ကျောင်းတွေနဲ့ နေရာမျိုးစုံ ခြိမ်းခြောက်မှုအောက်မှာ ရောက်နေတယ်။ ဒါကြောင့် ဒါဟာ ကမ္ဘာ့စစ်ပဲ။ အိုင်အက်တွေကို နှိမ်နင်းဖို့ နိုင်ငံတကာမိသားစုကြားမှာ သဘောတူညီချက် ရှိထားပြီလို့ ထင်တယ်”လို့ ပြောပါတယ်။ အိုင်အက်စ်စစ်သွေးကြွတွေက ဒုတိယမြောက် ဂျပန်ဓားစာခံကို ခေါင်းဖြတ်ခဲ့ပြီးပြီလို့ ပြောအပြီး အဲဒီနေ့မှာပဲ ဝန်ကြီးက ခုလိုပြောတာပါ။ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးကလည်း ခရစ်ယာန်၊ ဂျူးနဲ့ မွတ်စလင်ကမ္ဘာ့က တိုက်ခိုက်မှု တွေအားလုံးဟာ အကြမ်းဖက်မှုကို အတူတကွ ကြံ့ကြံ့ခံရမယ့် အချိန်ဖြစ်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ အီရတ်မှာ ဇန်နဝါရီလအတွင်း တိုက်ပွဲနဲ့ အကြမ်းဖက်မှုတွေကြောင့် အရပ်သား ၇၉၀ အပါအဝင် အနည်းဆုံး လူ ၁၃၇၅ ယောက် အသတ်ခံခဲ့ရပြီးပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ တချိန်တည်းမှာပဲ အရပ်သားနဲ့ စစ်သား အနည်းဆုံး ၂၂၄၀ ယောက် ဒဏ်ရာရခဲ့ပြီးပြီလို့ အီရတ်အတွက် ကုလ ထောက်ပံ့ရေး အထူးအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ မနှစ်က အီရတ်နိုင်ငံရဲ့ အစိတ်အပိုင်းအများအပြားကို သိမ်းပိုက်ခဲ့တဲ့ အိုင်အက်စ်တွေကို တိုက်ပြီး နိုင်ငံကို ပြန်တည်ထောင်ဖို့ အီရတ်စစ်တပ်က ရုန်းကန်နေရဆဲပါ။ [gallery ids="79730,79731,79732"]

A d v e r t i s e m e n t With Us

More News
Up