ဘန်ကောက်မြို့ ကုန်တိုက် ဗုံးပေါက်ကွဲ၊ ၁ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် Siam Paragon ဆယမ်ပါရာဂွန်ကုန်တိုက်အရှေ့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ညက ဗုံးပေါက်ကွဲပြီး လူ ၁ ဦး ဒဏ်ရာရသွားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ယမန်နေ့ ည ၈ နာရီအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း တိုင်ကြားချက်အရ ပထုန်းဝမ်းမြို့နယ် ရဲစခန်းတာဝန်ရှိသူတွေ အခင်းဖြစ်ပွားရာကို  သွားရောက်စစ်ဆေးကြည့်ရှုရာမှာ  လူစည်ကားရာ ဆယမ်ပါရာဂွန်ကုန်တိုက်နဲ့ ဆယမ် ကောင်းကင်ရထားဘူတာရုံကြား မီးခိုးတွေ ထွက်နေပြီး လူတွေ ရုတ်ရုတ်သဲသဲ ပြေးလွှားနေတာ တွေ့ရှိရတယ်လို့ တာဝန်ကျ ဒုရဲမှူး ဆနမ်ပေါ်ချွန်းက သတင်းထောက်တွေကို ပြောပါတယ် ။ ရဲတပ်ဖွဲ့က အဲဒီနေရာတ၀ိုက်ကို သွားလာခွင့် ကန့်သတ်လိုက်ပြီး စစ်ဆေးကြည့်ရှုရာမှာ ထရန်စဖော်မာ အနောက်ဘက်မှာ ချိန်ကိုက်ဗုံး အစအနတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ချိန်ကိုက်ဗုံးမှာ ၂ လုံးရှိပြီး တနေရာနဲ့ တနေရာ ၅ မီတာသာ ကွာခြားကြောင်း၊ ဗုံးကို ဒစ်ဂျစ်တယ် အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတာဖြစ်ပြီး တရားခံကို သိရဖို့ စီစီတီဗွီကင်မရာကနေတဆင့် စစ်ဆေး စုံစမ်းနေဆဲပဲလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဗုံးပေါက်မှုကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာအနည်းငယ် ရရှိသွားပြီး အခြားပျက်စီးမှု ကြီးကြီးမားမား မရှိဘူးလို့ ပထုန်းဝမ်းရဲစခန်းရဲ့အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - manager.co.th [gallery ids="79680,79681,79682,79683,79684"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up