အယ်ဂျာဇီးယားရုပ်သံသတင်းထောက်ကို အီဂျစ် ပြန်လွှတ်ပေး

983
အီဂျစ်နိုင်ငံမှာ ထောင်ချခံခဲ့ရတဲ့ အယ်ဂျာဇီးယားရုပ်သံသတင်းထောက် ပီတာဂရက်စတီကို ရက်ပေါင်း ၄၀၀ ထိန်းသိမ်းခဲ့အပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အီဂျစ်အစိုးရက ပြန်လွှတ်ပေးလိုက်ပါတယ်။
ပီတာဂရက်စတီနဲ့အတူ တခြားအယ်ဂျာဇီးယားသတင်းထောက် ၂ ဦးတို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ဖမ်းဆီးခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လမှာ မမှန်သတင်းထုတ်လွှင့်မှု၊ အကြမ်းဖက် အဖွဲ့အစည်း အားပေးကူညီမှုနဲ့ ရုံးတင်ခံရပြီး ထောင် ၁၀ နှစ်ချခံခဲ့ရတာပါ။
ရွေးကောက်ခံသမ္မတ မိုဟာမက်မော်စီထံကနေ အီဂျစ်စစ်တပ်က ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ အာဏာသိမ်း ဖမ်းဆီးပြီး အာဏာရမွတ်စလင်ညီအကိုတော်များပါတီကိုလည်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့တာပါ။ ကျန်သတင်းထောက် ၂ ဦးလည်း ပြန်လွှတ်လာမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သတင်းထောက်တွေကတော့ သူတို့အပေါ် စွဲချက်တွေအားလုံးကို ငြင်းဆန်ပြီး သူတို့ကို အစိုးရက အကွက်ဆင်ထောင်ချတာလို့ ပြောဆိုကြပါတယ်။
အယ်ဂျာဇီးယားသတင်းဌာနကတော့ သတင်းထောက် ပီတာဂရက်စတီ ပြန်လွှတ်လာတာကို ကြိုဆိုခဲ့ပေမယ့် ကျန်တဲ့သတင်းထောက် ၂ ဦးကိုပါ ပြန်မလွှတ်ပေးမချင်း ဆက်လက်တောင်းဆိုသွားမယ်လို့ ကြေညာထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အယ်ဂျာဇီးယားနိုင်ငံခြားသတင်းထောက် ၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စဉ်းစားနေတယ်လို့ အီဂျစ်သမ္မတ ဗိုလ်ချုပ်ဟောင်း အယ်လ် စီစီက ထုတ်ဖော် ပြောဆိုခဲ့တာပါ။
အဲဒီနောက် နိုင်ငံခြားသားအကျဉ်းသားတွေကို နေရပ်ရင်းပြန်ပို့ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာတော့ အယ်ဂျာဇီးယားသတင်းထောက် ၃ ယောက်လုံးရဲ့အမှုတွေကို ပြန်လည် ကြားနာခဲ့ပါတယ်။
ကာတာအခြေစိုက် အယ်ဂျဇီးယားသတင်းဌာနဟာ အီဂျစ်မွတ်စလင်ညီအကိုတော်များပါတီကို ထောက်ခံ အားပေးနေတယ်လို့ အီဂျစ်အစိုးရက စွပ်စွဲခဲ့တာပါ။
အဲဒီကိစ္စကြောင့် အီဂျစ်အစိုးရနဲ့ ကာတာအစိုးရတို့ကြား ကတောက်ကဆတွေ ဖြစ်ခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ပါတယ်လို့ ဆိုပါတယ်။
ပြန်လွှတ်လာတဲ့ သတင်းထောက် ပီတာဂရက်စတီကတော့ ထောင်က ပြန်လွှတ်လာတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ ဆိုင်ပရပ်နိုင်ငံကို လေယာဉ်နဲ့ ထွက်ခွာသွားပြီလို့ ကိုင်ရို လေဆိပ်အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုပါတယ်။
[gallery ids="79670,79671"]