ပါကစ္စတန်တွင် ဗလီဗုံးကွဲသေဆုံးသူများကိုသယ်ပြီး စီတန်းလှည့်လည်

1.5K
ပါကစ္စတန်နိုင်ငံ ရှိကာပါရ်မြို့က ရှီးယိုက် ဗလီပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ လူ ၄၉ ဦးရဲ့ ခေါင်းတလားတွေနဲ့အတူ မိသားစုတွေဟာ မြို့တွင်းလမ်းတွေပေါ်မှာ မနေ့က စီတန်းလှည့်လည်ခဲ့ကြပါတယ်။
ပါကစ်စတန် တောင်ပိုင်းက ဆင်းဒ်ဟ်ခရိုင် ရှိကာပါရ်မြို့ သောကြာဝတ်ပြုပွဲမှာ ပေါက်ကွဲခဲ့လို့ ဝတ်ပြုသူ ၄၉ယောက် သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။
ဗလီတွင်း သောကြာဝတ်ပြုပွဲ လူပြည့်နေချိန်မှာ အသေခံ ဗုံးခွဲမှုကြောင့် ခုလိုဖြစ်ခဲ့တာလို့ ရဲက ပြောပါတယ်။
အရင်လက နိုင်ငံမြောက်ပိုင်း ပဲ့ရှဝါမြို့ တပ်တွင်းကျောင်းမှာ ကလေး ၁၃၄ ယောက် အစုလိုက် အသတ်ခံရအပြီး အစ္စလာမ္မစ် အစွန်းရောက်တွေကို ကိုင်တွယ်ရေး လုပ်ဆောင်ချက်အသစ်တွေကို အစိုးရက ကျင့်သုံးဖို့ ကြိုးစားနေချိန်မှာ ခုလိုတိုက်ခိုက်ခံရတာပါ။
ပါကစ္စတန် ဝန်ကြီးချုပ်ဟာ လာဟိုးမြို့က အကြမ်းဖက်မှုတုံ့ပြန်ရေး အရာရှိသင်တန်း ပထမအသုတ်ရဲ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်နေချိန် ခုလို ဖြစ်ခဲ့တာပါ။
အရာရှိအယောက် ၁ ထောင်နီးပါးကို မိန့်ခွန်းပြောစဉ်အတွင်း ဝန်ကြီးချုပ်က သူ့အစိုးရဟာ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ ကတိပေးခဲ့ပြီးပြီလို့ ပြောပါတယ်။
အကြမ်းဖက်သမားတွေကို မှန်မှန်ကန်ကန် ပြစ်ဒဏ်စီရင် မပြီးမချင်း အေးအေးချမ်းချမ်း နားနေမှာ မဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။
ပါကစ္စတန်နိုင်ငံတွင်း အစွန်းရောက် ဆွန်နီမွတ်စလင် စစ်သွေးကြွအုပ်စုတွေဟာ လူနည်းစု ရှီးယိုက်မွတ်စလင်တွေကို မိစ္ဆာဒိဋ္ဌိတွေလို့ရှုမြင်ပြီး မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိပါတယ်။
ဒီလအစောပိုင်းက ရာဝယ်လ်ပင်ဒီမြို့ ရှီးယိုက်ဗလီအပြင်ဘက်မှာ အသေခံဗုံးခွဲသမားတယောက်က သောကြာနေ့ ဝတ်ပြုပွဲအပြီးမှာ တိုက်ခိုက်ခဲ့လို့ လူ ၆ ဦး သေဆုံးပြီး ၁၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။