ချဲလ်ဆီးနှင့်မန်စီးတီး သရေကျသွားသည့် ပရီးမီးယားလိဂ် ရလဒ်များ

2.2K
ချဲလ်ဆီးနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အရှုံး၊ အနိုင် အဖြေမထွက်ဘဲ တဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။
စတန်းဖို့ဘရစ်ခ်ျ ကွင်းမှာ ကစားတဲ့ ဒီပွဲမှာ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းမှာ ရီမီက သွင်းယူပြီး စီးတီးအတွက် ချေပဂိုးကို ဆေးဗားက ပြန်လည် သွင်းယူတာ ဖြစ်ပါတယ်။
ဒီပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားပြီး စီးတီးက ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့တာပါ။
အသင်းဟောင်းနဲ့ ယှဉ်ပြိုင်တဲ့ ပွဲမှာ ကွင်းလယ်သမား လမ်းပတ် ၀င်ရောက် ကစားသွားတဲ့အပေါ်မှာ ချဲလ်ဆီး ပရိသတ်တွေက ကြိုဆိုမှုတွေ လုပ်ခဲ့ပါတယ်။
ဒီပွဲ သရေကျပေမယ့် ချဲလ်ဆီးဟာ ၅၃ မှတ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးကို ၅ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
မန်စီးတီး နည်းပြ ပယ်လီဂရီနီကတော့ သူ့အသင်းက အခွင့်အရေးတွေ ပိုရတဲ့အတွက် သရေတမှတ်ထက် ပိုရသင့်တယ်လို့ ပွဲအပြီးမှာ ပြောဆိုသွားပါတယ်။
စနေနေ့ည ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် တခြားပွဲစဉ်တွေမှာ အသင်းကြီးတွေထဲက မန်ယူ၊ လီဗာပူးနဲ့ စပါးစ်တို့ အနိုင်ရသွားပါတယ်။
မန်ယူက အိမ်ကွင်းမှာ လက်ဆက်စတာ စီးတီးအသင်းကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားတာပါ။မန်ယူအတွက် အနိုင်ဂိုးတွေကို ဗန်ပါစီ၊ ဖာကာအိုနဲ့ တဖက်လူ ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ရသွားတာ ဖြစ်ပါတယ်။
ဒီပွဲနိုင်လို့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်က လက်ဆက်စတာကို ရှုံးတဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ မန်ယူက ၄၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၁၀ မှတ်အကွာမှာ ရှိနေပါတယ်။
လီဗာပူးကတော့ အိမ်ကွင်းမှာ ၀က်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဂိုးတွေကို စတာလင်နဲ့ ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ စတောရစ်က သွင်းယူပါတယ်။
စပါးစ်ကတော့ အဝေးကွင်းမှာ ၀က်စ်ဘရောင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အနိုင်ဂိုးတွေကို အာရစ်ဆန်နဲ့ ဒီနှစ်ရာသီမှာ ခြေစွမ်းပြနေတဲ့ ကိန်းက သွင်းယူတာ ဖြစ်ပါတယ်။
ဒီပွဲနိုင်လို့ စပါးစ်ဟာ အမှတ် ၄၀နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို တက်လှမ်းသွားပါတယ်။
ဓာတ်ပုံ - Chelsea
[gallery ids="79523,79524,79525,79526"]