အာရှဖလား ဆွတ်ခူးနိုင်ရန် တောင်ကိုရီးယား နိုင်ငံသားများ မျှော်လင့်

1.3K
သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ဗိုလ်လုပွဲကို အိမ်ရှင် သြစတြေးလျနဲ့ တောင်ကိုရီးယား အသင်းတို့ ဒီနေ့ ယှဉ်ပြိုင်မှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသားတွေက ၁၉၆၀ နောက်ပိုင်း ပထမဆုံးအဖြစ် အာရှဖလားကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
တောင်ကိုရီးယားမှာ ထုတ်တဲ့ သတင်းစာ ခေါင်းကြီးတွေမှာ အာရှဖလား ဗိုလ်လုပွဲသတင်းတွေက အဓိက လွှမ်းမိုးနေပါတယ်။
ကင်ဟွန်ဝိုး ဆိုတဲ့ လူငယ်တဦးက တောင်ကိုရီးယားအသင်းဟာ အိမ်ရှင်အသင်းကို အနိုင်ရမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
“တောင်ကိုရီးယားအသင်း ကစားသမားတွေ စိတ်အားတက်ကြွနေလို့ သြစတြေးလျကို နိုင်ဖို့ မလွယ်ပေမယ့် အနိုင်ရမှာပါ”လို့ ပြောပါတယ်။
အသက် ၄၆ နှစ်အရွယ် ၀မ်ယွန်ဂျွန်းကလည်း တောင်ကိုရီးယားမှာ မနှစ်က ၀မ်းနည်းစရာ ကိစ္စတွေနဲ့ ကြုံခဲ့ရလို့ အာရှဖလားရခဲ့ရင် တနိုင်ငံလုံးအတွက် ပျော်စရာ ကောင်းမယ်လို့ ပြောပါတယ်။
တောင်ကိုရီးယား ဘောလုံးအရာရှိတွေကလည်း ၅၅ နှစ်ကြာ ဝေးကွာနေတဲ့ အာရှဖလားကို ပြန်ရဖို့ မျှော်လင့်နေကြပါတယ်။
တောင်ကိုရီးယားအသင်းဟာ ၂၀၀၂ ခုနှစ်က ဆီမီးဖိုင်နယ်အဆင့်ထိပဲ တက်ခဲ့ဖူးပြီး ၁၉၈၈ တုန်းက ဖိုင်နယ်ပွဲအထိ တက်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ သုံးကြိမ်စလုံးမှာတော့ အုပ်စုကနေ ထွက်ခဲ့ရရပါတယ်။
အာရှဖလား ဗိုလ်လုပွဲကစားကြမယ့် ဒီ ၂ သင်းဟာ အုပ်စုပွဲစဉ်က တွေ့ဆုံခဲ့ဖူးပြီး တောင်ကိုရီးယားက သြစတြေးလျ အသင်းကို ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။
အာရှဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာတော့ အိမ်ရှင် သြစတြေးလျက ယူအေအီးအသင်းကို ၂-၀ ဂိုး၊ တောင်ကိုရီးယားအသင်းက အီရတ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်လာခဲ့ကြတာပါ။
ဇန်န၀ါရီ ၃၀ ရက်နေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှဖလား တတိယနေရာလုပွဲမှာတော့ ယူအေအီးအသင်းက အီရတ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။