ရုရှားကို ပိတ်ဆို့အရေးယူမှု သက်တမ်းတိုးရန် အီးယူသဘောတူ

1.4K
ဘယ်လ်ဂျီယမ်နို်င်ငံ၊ ဘရပ်ဆယ်မြို့မှာ မနေ့ကကျင်းပတဲ့ အီးယူနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ရုရှားနိုင်ငံကို လာမယ့် စက်တင်ဘာလအထိ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု သက်တမ်းတိုးလိုက်ပါတယ်။
ရုရှားနိုင်ငံကို ပိတ်ဆို့မှုအသစ်တွေနဲ့ တိုးမြှင့်အရေးယူဖို့ကိုတော့ အီးယူက သဘောမတူခဲ့ပါဘူး။
ဒါပေမယ့် လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့ ထပ်မံတွေ့ဆုံတဲ့အခါ လက်ရှိပိတ်ဆို့ အရေးယူမှုထဲကို နာမည်သစ်တွေ ထည့်သွင်းဖို့တော့ အစည်းအဝေးက သဘောတူခဲ့ပါတယ်။
တကယ်လို့ ယူကရိန်းအရှေ့ပိုင်းမှာ ယူကရိန်းသူပုန်တွေက ထပ်မံတိုက်ခိုက်သိမ်းပိုက်မှုတွေ လုပ်လာမယ်ဆိုရင်တော့ ရုရှားနိုင်ငံအပေါ် တိုးမြှင့်အရေးယူမှုသစ်တွေ လုပ်ဆောင်မယ်လို့ အီးယူနိုင်ငံခြားရေးဝန်ကြီး ဖက်ဒရီကာ မိုဂီရီနီ Federica Mogherini က ပြောပါတယ်။
ပြီးခဲ့တဲ့တပတ်က ယူကရိန်းအရှေ့ပိုင်းက မာရီယူပိုမြို့ (Mariupol) မှာ လူ ၃၀ သေဆုံးခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုအပြီး ဒီအီးယူနိုင်ငံခြားရေးဝန်ကြီးမှာ အရေးပေါ်အစည်းအဝေးကျင်းပခဲ့တာပါ။
မာရီယူပိုမြို့ ဒုံးကျည်ပစ်ခတ်မှုကို ရုရှားသူပုန်တွေက လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲနေကြပြီး ၅ လကြာအပစ်အခက်ရပ်စဲရေးသဘောတူညီမှုကိုလည်း လုံးဝမျက်ကွယ်ပြုခဲ့တာလည်းဖြစ်ပါတယ်။
ရုရှားနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုးအရေးယူရေး အခုလို အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေအကြား တညီတညွတ်တည်း သဘောတူညီမှုရရှိခဲ့တဲ့အတွက် အားရကျေနပ်တယ်လို့ အီးယူနိုင်ငံခြားရေးဝန်ကြီး မိုဂီရီနီ က ပြောဆိုပါတယ်။
အီးယူဟာ အဓိကစွမ်းအင်တင်ပို့သူ ရုရှားနိုင်ငံကို ပိတ်ဆို့အရေးယူမယ်လုပ်တိုင်း နိုင်ငံခြားရေးဝန်ကြီးတွေအကြား တညီတညွတ်တည်း သဘောတူညီမှုရဖို့ ခက်ခဲခဲ့တာပါ။ အခုရရှိခဲ့တဲ့ သဘောတူညီမှုကတော့ ဒီနှစ်အတွက် အီးယူရဲ့ ပထမဆုံးစမ်းသပ်ချက်လည်း ဖြစ်ခဲ့ပါတယ်။