ဆစ်ဒနီကော်ဖီဆိုင် ဓားစာခံအမျိုးသမီး ရဲပစ်သည့်ကျည်ဆန်ကြောင့် သေဆုံးခြင်းဖြစ်

1.4K
ပြီးခဲ့တဲ့လက သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ကော်ဖီဆိုင်ပြန်ပေးဆွဲခံရမှုအတွင်း သေဆုံးခဲ့တဲ့ ဓားစာခံ အမျိုးသမီးဟာ ရဲတွေက ပစ်ခတ်တဲ့ကျည်ဆန် လွှင့်စင်ထိမှန်ပြီး သေဆုံးခဲ့တာလို့ စုံစမ်းရေးအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။
[caption id="attachment_79230" align="aligncenter" width="522"]
ကက်သရီးနား ဒေါ်ဆန် နှင့် တိုရီ ဂျွန်ဆန်[/caption]
ဓားစားခံ အမျိုးသားတဦးဖြစ်တဲ့ တိုရီ ဂျွန်ဆန် (Tori Johnson) ကတော့ ပြန်ပေးသမား ပစ်ခတ်တဲ့ကျည် ခေါင်းကို ထိမှန်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် လူအားလုံး ၃ ဦး သေဆုံးခဲ့ရတဲ့ကိစ္စမှာ လုံခြုံရေးတပ်ဖွဲ့တွေ ရှောင်လွှဲလို့ ရနိုင်တဲ့ အခြေအနေရှိမရှိ သေမှုသေခင်းစုံစမ်းရေးအဖွဲ့က ပြန်လည်စစ်ဆေးနေတာပါ။
အီရန်ဒုက္ခသည် ဟာရွန် မိုနစ် (Haron Monis) ဟာ ပြီခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က ကော်ဖီဆိုင်ထဲက လူ ၁၈ ဦးကို ၁၇ နာရီကျော်ကြာ ဓားစာခံဖမ်းဆီးခဲ့တာပါ။
နောက်ဆုံး လုံခြုံရေးတပ်ဖွဲ့တွေက ကော်ဖီဆိုင်ကို ၀င်ရောက်စီနင်းခဲ့ပြီး သေနတ်သမား မိုနစ်လည်း သေဆုံးခဲ့ပါတယ်။
သေမှုသေခင်းစုံစမ်းရေး ရှေ့နေJeremy Gormly က သေဆုံးခဲ့တဲ့ ဓားစာခံအမျိုးသမီး ကက်သရီးနား ဒေါ်ဆန် (Katrina Dawson) ဟာ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်လိုက်တဲ့ကျည် ဒါမှမဟုတ် ကျည်ဆန်အပိုင်းအစ ၆ ခု လွှင့်စင်ထိမှန်ခဲ့တယ်လို့ ပြောဆိုပါတယ်။
အသက် ၃၈ နှစ်ရှိ ကက်သရီးနား ဒေါ်ဆန် ဟာ ကလေး ၃ ဦးရဲ့ မိခင် ရှေ့နေတဦးဖြစ်ပါတယ်။ ပစ်သတ်ခံရတဲ့ သေနတ်သမား မိုနစ်ဟာ သူ့ကိုယ်သူ မွတ်စလင်ဘာသာရေးဆရာ အမည်ခံထားပြီး တခြား အစ္စလာမ္မစ်အကြမ်းဖက်တပ်ဖွဲ့တွေနဲ့ ပတ်သက်မှုမရှိဘူးလို့ သြစတြေးလျရဲတွေက ယုံကြည်ကြပါတယ်။