မက္ကဆီကိုကျောင်းသားများကို မူးယစ်ဂိုဏ်းက မှားယွင်းသတ်ဖြတ်ခဲ့ဟု အစိုးရပြော

2.3K
မက္ကဆီကိုမှာ လွန်ခဲ့တဲ့ ၄ လက ပျောက်ဆုံးသွားတဲ့ ကျောင်းသား ၄၃ ယောက်ဟာ မူးယစ်ဂိုဏ်းတဂိုဏ်းက မှားယွင်းသတ်ဖြတ်မှုကို ခံလိုက်ရတယ်လို့ အစိုးရ ရှေ့နေချုပ်ရုံးက ဇန်န၀ါရီ ၂၇ ရက်နေ့မှာ ပြောပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့ညပိုင်းက အိုင်ဂွာလာမြို့မှာ လမ်းပေါ် ရန်ပွဲတခု ဖြစ်ပြီးနောက် ဆရာအတတ်သင်ကျောင်းက ကျောင်းသားတွေ ပျောက်ဆုံးခဲ့တဲ့ကိစ္စအတွက် မက္ကဆီကိုအစိုးရဟာ ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ကျောင်းသားတွေကို ပြိုင်ဖက်မူးယစ်ဂိုဏ်းအဖွဲ့ဝင်လို့ ထင်မှတ်ပြီး သတ်ပစ်ခဲ့တဲ့ အကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ သံသယနဲ့ ဖမ်းဆီးထားတဲ့ ဂါရီရိုစ် ယူနီဒို မူးယစ်ဂိုဏ်း အဖွဲ့ဝင်တယောက်က ဖြောင့်ချက်ပေးတယ်လို့ အစိုးရ ရှေ့နေချုပ်ရုံးက ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေအရ မူးယစ်ဂိုဏ်းအဖွဲ့ဝင်တယောက်ကို ဖမ်းဆီးမိခဲ့ပြီး သူရဲ့ သက်သေထွက်ချက်အရ ကျောင်းသားတွေ အသတ်ခံရမှုမှာ ဘယ်သူက အမိန့်ပေးသလဲ၊ ကျောင်းသားတွေကို အမှိုက်ပုံတခုနား ဖမ်းခေါ်သွားပြီးနောက် သတ်ပစ်ခဲ့တယ်ဆိုတာတွေကို သိရတယ်လို့ ဆိုပါတယ်။
အဲဒီ မူးယစ်ဂိုဏ်းခေါင်းဆောင်က ကျောင်းသားတွေဟာ လော့ဂျိုရိုစ်လို့ ခေါ်တဲ့ သူတို့ ပြိုင်ဖက် မူးယစ်ဂိုဏ်းနဲ့ ပတ်သက်တယ်လို့ အထင်မှားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သံသယရှိသူတွေ အားလုံးကို မစစ်ဆေးနိုင်သေးတဲ့အချိန်မှာ အမှုကို ပိတ်ဦးမှာ မဟုတ်သေးဘူးလို့လည်း ရှေ့နေချုပ် ဂျီးဇက် မာရေးလိုက ပြောပါတယ်။
ကျောင်းသားတွေကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် အလောင်းဖျောက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ အမြောက်အမြား ရှိတယ်လို့လည်း ဆိုပါတယ်။
ကျောင်းသားတွေကို သတ်ပြီး အလောင်းဖျောက်ဖို့ အမိန့်ပေးခဲ့တဲ့ မူးယစ်ဂိုဏ်း ခေါင်းဆောင်ဟာ တိကျသေသပ်လွန်းတဲ့အတွက် အလောင်းတွေကို ပြန်ရှာဖို့ ခက်ခဲတယ်လို့လည်း ပြောပါတယ်။ အခုထိကျောင်းသား တယောက်ရဲ့ အကြွင်းအကျန်ကိုပဲ ဖော်ထုတ်နိုင်ပါတယ်။
ဒီကိစ္စမှာ စစ်တပ်က ပါဝင်ပတ်သက်နေတယ်ဆိုပြီး မီိဒီယာတွေက ခန့်မှန်း ရေးသားချက်တွေကိုတော့ ရှေ့နေချုပ်က ငြင်းဆန်ပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ သက်သေအထောက်အထား လုံးဝ မရှိဘူးလို့ ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်လို့ မြို့တော်ဝန်နဲ့ ဇနီးတို့ကို အဓိက တရားခံ ၂ ယောက်အဖြစ် ဖမ်းဆီးထားပါတယ်။
အခုအချိန်အထိ အစိုးရကတော့ အဲဒီညက ရန်ပွဲအပြီးမှာ ကျောင်းသားတွေဟာ အကျင့်ပျက်တဲ့ ရဲတွေ လက်ထဲရောက်ခဲ့ပြီး ရဲက နယ်ခံမူးယစ်ဂိုဏ်းလက်ကို တဆင့်လွှဲပြောင်းရာက အသတ်ခံလိုက်ရတယ်ဆိုတာ သေချာသလောက်ပဲလို့ ယုံကြည်နေပါတယ်။